ညောင်ရွှေရှိ ကျေးရွာများကို စစ်တပ်က ဖေဖော်ဝါရီလအတွင်း အကြောင်းမဲ့ တိုက်ခိုက်မှု ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၅ ဦးသေဆုံး၊ TNLA ထိန်းချုပ်နယ်မြေအတွင်း စစ်တပ် ထောင်ထားသော မိုင်းနင်းမိ၍ ၁ လတာ အတွင်း ပြည်သူ ၈ ဦး သေဆုံး
ရန်ကုန်၊ မတ် ၂
ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ဖေဖော်ဝါရီလအတွင်း အကြောင်းမဲ့ တိုက်ခိုက်ရာ ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၅ ဦးသေဆုံးခဲ့ကြောင်း အင်းလေး ဒေသလူ့အခွင့်အရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသရှိ ကျေးရွာများကို ဘီလူးချောင်း အရှေ့ဘက်ခြမ်းရှိ နန်းတုတ်ကျေးရွာကို အကြမ်းဖက် စစ်တပ်နှင့် လက်အောက်ခံ PNA ပြည်သူ့စစ်များက ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁ လ အတွင်း လက်နက်ကြီး၊ လေကြောင်း၊ ဒရုန်း တို့ဖြင့် ပစ်ခတ် တိုက်ခိုက်မှု အကြိမ်ပေါင်း ၁၃၉ ကြိမ် လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပစ်ခတ် တိုက်ခိုက်မှု အတွင်း အသက် ၁၀ နှစ် အရွယ် ကလေးငယ် ၁ ဦး အပါအဝင် အရပ်သား ပြည်သူ ၅ ဦး သေဆုံးကာ ၉ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ထိခိုက်ပျက်စီးမှု ၊ မီးလောင်ဗုံးကျ ရောက်မှုကြောင့် နေအိမ်မီးလောင်ကျွမ်းမှုများ ရှိခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် TNLA ထိန်းချုပ်နယ်မြေအတွင်း အကြမ်းဖက် စစ်တပ်က ထောင်ထားသော မြေမြုပ်မိုင်းနင်းပြီး ဖေဖော်ဝါရီလ အတွင်း ပြည်သူ ၈ ဦး သေဆုံးခဲ့ကြောင်း TNLA က ပြောဆိုသည်။
ကွတ်ခိုင်မြို့နယ်၊ နမ့်ဆိုင်ကျေးရွာတွင် ဖေဖော်ဝါရီလ ၂ ရက်နေ့ဥ၌ ကလေးငယ် ၄ ဦးသည် ရေချောင်းတွင် ငါးသွားဖမ်းချိန် လက်လုပ်မိုင်းကိုနင်းမိကာ ၂ ဦး သေဆုံးခဲ့ပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် ဖေဖော်ဝါရီလ ၅ ရက်နေ့ကလည်း နမ့်ခမ်းမြို့နယ်၊ ဟိုဆိုင်းကျေးရွာတွင် အသက် ၆၁ နှစ်အရွယ် ဦးစိုင်းငိုသည် ကြံခင်းအတွင်း စစ်ကောင်စီက ထောင်ထားသည့်မိုင်းကို ခုတ်မိသောကြောင့် ပေါက်ကွဲပြီး ခန္ဓာကိုယ်တစ်ခုလုံးနှင့် မျက်နှာတွင် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
သီပေါမြို့တွင်လည်း ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၆ ရက်နေ့က ဒေသခံအမျိုးသားတစ်ဦးမှ စစ်ကောင်စီတပ်စခန်းချဖူးခဲ့သော မြရွှေဂူဘုန်းကြီးကျောင်းဘေးတွင် လက်ကျန်မိုင်းကို တွေ့ရှိပြီး ကောက်ယူဆော့မိရာမှ ပေါက်ကွဲမှုဖြစ်ပြီး ၁ ဦး သေဆုံးကာ ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ မုံးစီးမြို့နယ် ဆိုင်ခေါင်ကျေးရွာလည်း ကလေးငယ် ၂ ဦးသည်လည်း လက်ပစ်ဗုံး ၁ လုံးကို ကောက်ယူဆော့ရာမှပေါက်ကွဲပြီး ၁ ဦး သေဆုံးခဲ့ပြီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ဖေဖော်ဝါရီလ ၁၁ ရက်နေ့ကလည်း သီပေါမြို့နယ်၊ ကုန်းစုံကျေးရွာတွင် စစ်ကောင်စီတပ် ထောင်ထားသည့် မြေမြှုပ်မိုင်းကို နင်းမိပြီး ကလေးငယ် ၂ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင်လည်း မိသားစုမှ ကောက်လာသည့် ဗုံး ၁ လုံးကို နေအိမ်အတွင်း ဆော့ကစားရာမှ ပေါက်ကွဲပြီး ၂ ဦး သေဆုံးခဲ့ပြီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

