ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ ၊ ဩရွဇာရွှေဆိုင်မှ ရွှေ ၁ ပိသာကျော် ဓားပြတိုက်သွားမှု တရားခံမမိသေး၍ ထိုင်းရဲများ အပူတပြင်း ရှာဖွေနေ
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ ၊ Tesco Lotus ကုန်တိုက်တွင် ဖွင့်လှစ်ထားသော ဩရွဇာရွှေဆိုင်မှ ရွှေ ၁ ပိသာကျော်ကို ယမန် နေ့ ညပိုင်း ဓားပြတိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် ယင်းဓားပြတိုက်မှု၏ တရားခံကို ဖမ်းဆီးရန် ထိုင်းရဲများက အပူတပြင်း စစ်ဆေးရှာဖွေနေကြောင်း ထိုင်း-မြန်မာနယ်စပ်သတင်းရင်းမြစ်တစ်ခုက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ မတ်လ ၂ ရက်နေ့ ည ၇ နာရီ ၂၀ မိနစ်အချိန် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ Lotus ကုန်တိုက်မှ ဩရွဇာရွှေဆိုင် ၅ ကို အနက်ရောင်ဆိုင်ကယ်စီးဉီးထုပ်၊ Line Man Delivery ယူနီဖောင်း ဝတ်ဆင်ထားသော လူ ၁ဦးက သေနတ်ကိုင်ဆောင် ဝင်ရောက် လုယက် ဓားပြတိုက်ကြောင်း၊ ယင်းနောက် ဆိုင်ကယ်ဖြင့် မောင်းပြေးသွားကြောင်း သိရှိရသည်။
လုယက်ဓားပြတိုက်မှုကြောင့် ဩရွဇာရွှေဆိုင်မှ ရွှေ ၁၀၂ ကျပ်သား ပါသွားပြီး တရားခံကို ဖမ်းဆီးရရှိခြင်းမရှိကြောင်း သိရှိရသည်။
“အခုတော့ မဲဆောက်မြို့နဲ့ မြို့ပြင်ဘက်တွေမှာ အစစ်အဆေးတွေ အတော်ကိုများနေတယ်။ လမ်းမှာလည်း ဂိတ်တွေ ချထားတာ အတော်များတယ်။ ပိတ်ဆို့ စစ်ဆေးတာတွေတော့ တော်တော်လုပ်နေတယ်။ အခု အကဲခတ်သလောက်ကတော့ ဓားပြတိုက်သွားသူက ထိုင်းနိုင်ငံသား ဖြစ်ဖို့များတယ်လို့တော့ ပြောနေကြတယ်” ဟု ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက် ရဲများနှင့် ထိတွေ့မှုရှိနေသော ထိုင်း-မြန်မာစကားပြန် မြန်မာနိုင်ငံသားတစ်ဦးက ဆိုသည်။
လက်ရှိ မဲဆောက်မြို့တစ်ဝန်းတွင် အစစ်အဆေးကြမ်းနေသည့်အတွက် တရားဝင် အထောက်အထားမရှိသည့် မြန်မာနိုင်ငံသားများ သတိထားရန်လိုအပ်ကြောင်း မဲဆောက်မှ မြန်မာတချို့က သတိပေးပြောဆိုကြသည်။
