အုတ်ဖိုတွင် စစ်တပ်က အရပ်သားပြည်သူ ကိုတင်စမ်း၏ မျက်လုံးကို ဓားဖြင့် ဖောက်ထုတ်ပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ကာ ရုပ်အလောင်းကို လမ်းဘေးတွင် စွန့်ပစ်
ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ပြည်သူ ၄ ဦးကို အကြောင်းမဲ့ ဖမ်းဆီးသွားပြီးနောက် ဖမ်းဆီးခံရသူများအနက်မှ အရပ်သားပြည်သူ ကိုတင်စမ်းကို သတ်ဖြတ်ကာ ရုပ်အလောင်းကို လမ်းဘေးတွင် စွန့်ပစ်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၁၇ ရက်နေ့ နံနက် ၅ နာရီခန့်အချိန် အုတ်ဖိုမြို့နယ်၊ ချောင်းဂေါင်းအုပ်စု၊ ဆယ်ရွာတွင် နေထိုင်သော ကိုစောစီဖော၊ မီးချောင်းတင်ရွာတွင် နေထိုင်သော ကိုသန်းဇော်၊ စင်မြင့်ရွာတွင်နေထိုင်သော ကိုအနက် (ခ) ကိုတင်စမ်း နှင့် ၄င်း၏ သားဖြစ်သူ ကိုချစ်တိုး (ခ) ဆောင်းဦးလွင်တို့ကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက အုတ်ဖိုမြို့နယ် စရဖ ရုံးသို့ ပြစ်မှု တစ်စုံတစ်ရာ မရှိဘဲ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရသည်။
ယင်းနောက် ဇန်နဝါရီလ ၂၂ ရက်နေ့တွင် အဆိုပါ ဖမ်းဆီးသွားသူများထဲမှ စင်မြင့်ရွာတွင် နေထိုင်သော ကိုအနက် (ခ) ကိုတင်စမ်းကို အေးမြသာယာမြို့ ပျူစောထီး ခေါင်းဆောင် ဝဏ္ဏ နှင့်စစ်သားများက မျက်လုံးကို ဓားဖြင့် ထိုးဖောက်ပြီး နှိပ်စက်၍ သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ သတ်ဖြတ်ပြီးနောက် ဇန်နဝါရီလ ၂၂ ရက်နေ့ ညပိုင်းတွင် ရန်ကုန်-ပြည် လမ်းဘေးရှိ အုတ်ရှစ်ကုန်းရွာထိပ်တွင် ကိုတင်စမ်းကို၏ ရုပ်အလောင်းကို စွန့်ပစ်ခဲ့ကြောင်း သိရသည်။
“သူ့ကို အုတ်ဖို စရဖရုံးမှာ ဖမ်းသွားတဲ့နေ့ကစပြီး နှိပ်စက်နေတာ ပြည်သူ ၄ ဦးလုံးကို PDF နဲ့ ပတ်သတ်တယ်ဆိုပြီး အစာမကျွေး ရေမတိုက်ဘူး။ အိပ်လည်းမအိပ်ခိုင်းဘူး။ အိပ်တာနဲ့ ခြေထောက်တွေကိုရိုက်တယ်။ မီးပူနဲ့ ကပ်တယ်။ ကိုအနက်က PDF နဲ့ မပတ်သတ်တဲ့သူဆိုတော့ ဘာမှမေးမရတဲ့အဆုံး သတ်ပစ်လိုက်ပြီး အလောင်းကို လမ်းဘေးမှာ စွန့်ပစ်သွားတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။
အုတ်ဖိုမြို့နယ်တွင် ပျူစောထီး ခေါင်းဆောင်ဝဏ္ဏ က လူငယ်များကို ပျူစောထီးအဖွဲ့ထဲသို့ အတင်းကျပ် ဝင်ခိုင်းနေပြီး မူးယစ်ဆေးများ သုံးခိုင်း၍ မသုံးသူများကို သတ်ဖြတ်မည်ဟု ခြိမ်းခြောက်ပြီး ပျူစောထီး အဖွဲ့ဝင်အင်အားများ တိုးချဲ့နေခြင်းဖြစ် ကြောင်း သိရသည်
