ရွှေဘို-မြစ်ကြီးနား လမ်းပိုင်းတွင် နေ့စဉ် တိုက်ပွဲ ဖြစ်ပွားနေပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြား၊ စစ်တပ်က ပြည်သူများကို လူသားဒိုင်း အဖြစ်ဖမ်းဆီး သတ်ဖြတ်နေပြီး ကျေးရွာများကို မီးရှို့ဖျက်ဆီးနေ
ရန်ကုန်၊ မတ် ၄
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ရွှေဘို-မြစ်ကြီးနားလမ်းမပေါ်တွင် နေ့စဉ်ရက် ဆက်တိုက်ပွဲဖြစ်နေပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ၄၀ ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း ရပ်ကျေး ပကဖ တာဝန်ခံ ကိုမိုးညိုက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ကန့်ဘလူမြို့နယ်၊ ဇီးကုန်းသကြားစက် စစ်တပ် အထိုင်စခန်းမှ အင်အား ၃၀၀ ခန့်ဖြင့် ဇီးကုန်း-မလယ် လမ်းအတိုင်း ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များက လမ်းတလျှောက် လိုက်လံ တိုက်ပွဲနေခြင်းဖြစ်ပြီး တိုက်ပွဲများ နေ့စဉ် ဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ထိတွေ့ တိုက်ပွဲများသည် ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှ စတင်ကာ ယနေ့ မတ်လ ၄ ရက်နေ့ အထိ နေ့စဉ် ရက်ဆက် ဖြစ်ပွားနေခြင်းဖြစ်ပြီး စစ်တပ်ဘက်မှ ၄၁ ဦး ထက်မနည်း သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများပြားကြောင်း သိရှိရသည်။
“၆၀၀၆ ကနေ ဇီးကုန်းသကြားစက်ကို စုတာ ဇီးကုန်းသကြားကနေ ထွက်သွားတဲ့ စစ်ကြောင်းက ငှက်ပျောတိုင်း၊ ပေကြီး ၊ ခပ်အုန်းသာ ကတ္တရာ လမ်းတလျှောက်ပေါ့။ စစ်ကြောင်းထိုးနေတာ မနေ့က လည်း တိုက်ပွဲဖြစ်လိုက်သေးတယ်။ အခုချိန်အထိ ခွေးဘက်က သေဆုံးမှုကတော့ ၄၁ ကောင်လို့ စာရင်းရထားတယ်။ ဒီနေ့အထိ ရတဲ့စာရင်းပေါ့။ အခုလက်ရှိ အဲဒီစစ်ကြောင်းက ငှက်ပျောတိုင်းနဲ့ ပေကြီးမှာ အထိုင်ချထားတယ်။ ဇီးကုန်းသကြားစက်ကနေ အရှေ့ကိုထွက်ရင် မလယ်လမ်းဆုံဆိုတာ ရောက်တယ်။ မလယ် လမ်းဆုံကနေ မြောက်ကိုသွားမယ်ဆိုရင် ကွင်းဘိုးဆိုတဲ့ စခအထိုင်စခန်းရှိတယ်။ အဲဒီကနေ မြောက်ဘက်ကို ဆက်ထွက်ရင် ပေကြီးရွာရောက်တာ ပေကြီးရွာကနေ ဆက်သွားရင် ငှက်ပျောတိုင်းရွာ ရောက်တယ်။ ငှက်ပျောတိုင်းကနေ ဆက်သွားရင်ရေအေးရွာတို့၊ စံပယ်နံ့သာတို့ပေါ့။ ရွှေဘို -မြစ်ကြီး နားလမ်းပိုင်းပေါ့။ တိုက်ပွဲက နေ့တိုင်းရက်ဆက်ဖြစ်နေတာ မနေ့ကအထိကို ဖြစ်နေတုန်းပဲ ကိုယ့်ဘက်လူတွေက အထိအခိုက်မရှိပါဘူး” ဟု ရပ်ကျေး ပကဖတာဝန်ခံ ကိုမိုးညိုက ပြောဆိုသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပေကြီးရွာမှ သက်ကြီး ရွယ်အိုများ၊ အမျိုး သမီးများနှင့် ကလေးသူငယ်များ အပါအဝင် ပြည်သူ ၃၀ ဦးခန့်ကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးထားကြောင်း၊ ထို့ပြင် ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများင ငှက်ပျောတိုင်းရွာသား ၃ ဦးကို ဖမ်းဆီးပြီး အသက် ၁၂ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင်ပြည်သူ ၃ ဦးလုံးကို သတ်ဖြတ်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်စစ်ကြောင်းက ပေကြီးရွာကိုလည်း ၃ ကြိမ် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ယမန်နေ့ မတ်လ ၃ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်ခန့်က ကန့်ဘလူမြို့နယ်၊ ဇီးကုန်းသကြားစက် (ကစရ) မှ ဇီးကုန်း-မလယ်လမ်းအတိုင်း အရှေ့သို့ ထွက်လာသော စစ်သား၊ ပျူစောထီးများလိုက်ပါသည့် FAW ကား ၁ စီး နှင့် ဆယ်ပေတိုကား ၁ စီးအား နတ်တောင်ရွာ၏အရှေ့ဘက် အရောက်တွင် ကန့်ဘလူခရိုင် အမှတ် ၄ တပ်ရင်းနှင့် ပကဖအဖွဲ့များမှ မိုင်းဆွဲတိုက်ခိုက်ပြီး အပြန်အလှန်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
ဖေဖော်ဝါရီလ ၂၈ ရက် နံနက်ပိုင်းကလည်း ကန့်ဘလူမြို့နယ် ရွှေဘို – မြစ်ကြီးနား ဗျူဟာလမ်းပေါ်ရှိ ပေကြီးရွာ၌ ယာယီ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီတပ်ကို ကန့် ဘလူ ခရိုင် အမှတ် ၄ တပ်ရင်းနှင့် ကန့်ဘလူခရိုင် တော်လှန်ရေးတပ်ဖွဲ့များမှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။
