မင်းလှမြို့နယ်တွင် စစ်မှုထမ်းကြေး မပေးသည့် ပြည်သူများကို စစ်တပ်ခေါ်၍ ဖမ်းဆီးခိုင်းနေသည့် ပျူစောထီး ခင်မောင်ဝင်း ပစ်ခတ်ခံရပြီး သေဆုံး
ပဲခူးတိုင်း၊ မင်းလှမြို့နယ်တွင် စစ်မှုထမ်းကြေး မပေးသည့် ပြည်သူများကို စစ်တပ်ခေါ်၍ ဖမ်းဆီးခိုင်းနေသည့် ပျူစောထီး ခင်မောင်ဝင်းကို ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၄ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၀ မိနစ်ခန့်တွင် မင်းလှမြို့နယ်၊ ဦးတိုမြန်မာစုကျေးရွာတွင် နေထိုင်သော ပျူစောထီး ခင်မောင်ဝင်းကို တာကလေးရွာ ရန်ကုန်-ပြည် လမ်းပိင်းရှိ ဇရပ်ထဲ၌ ထိုင်နေစဥ် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၃၊ တပ်ခွဲ ၂ နှင့် မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တို့က ပူးပေါင်း ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်းပစ်ခတ် တိုက်ခိုက်မှု အတွင်း ပျူစောထီး ခင်မောင်ဝင်းသည် ဦးခေါင်းကို သေနတ်ကျည် ၁ ချက် ထိမှန်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ သေဆုံးသွားသော ခင်မောင်ဝင်းထံမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် ဆက်သွယ်ထားသော ဖုန်း ၁ လုံး သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။
ပျူစောထီး ခင်မောင်ဝင်းသည် စစ်မှုထမ်းကြေးဟုဆိုကာ ငွေကြေးများ အတင်းအကြပ်ကောက်ခံပြီး ငွေမပေးသူများအား စစ်တပ်ခေါ်ဖမ်းဆီးခိုင်းခြင်း၊ စစ်တပ်ထံ မမှန်သတင်း ပေးကာ ပြည်သူများအား ဖမ်းဆီးခိုင်းခြင်း ၊ တော်လှန်ရေးတပ်ဖွဲ့များ၏ သွားလာလှုပ်ရှားမှုများအား စုံစမ်းထောက်လှမ်း၍ စစ်တပ်ထံ သတင်းပေးခြင်းများ လုပ်ဆောင်နေတာကြောင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ပျူစောထီး ခင်မောင်ဝင်းက တာကလေးရွာ ရန်ကုန်-ပြည်လမ်းဘေးမှာ ထိုင်နေတဲ့အချိန် ကျွန်တော်တို့ပူးပေါင်းတပ်ဖွဲ့က ထွက်မပြေးနိုင်အောင် ပိတ်ဆို့ပြီးမှ ခေါင်းကို ကျည် ၁ ချက် ပစ်ရှင်းလိုက်တာပါ။ ဒီကောင်က စစ်မှုထမ်းကြေးတွေလည်း အတင်းအကြပ်ကောက်တဲ့အပြင် ငွေမပေးသူတွေကို စစ်တပ်ခေါ်ဖမ်းခိုင်းလို့ လူငယ်တွေဆိုတာ အိမ်မှာ မနေရဲကြဘူး။ လူငယ်တွေပေါ်တာဆွဲရာမှာ သူကိုယ်တိုင် လိုက်ပါဖမ်းဆီးတယ်။ သူ့ကို အရင်ကတည်းက ရှင်းဖို့လုပ်နေတာ ကံကောင်းပြီးလွတ်နေတာ ဒီနေ့မှ ထိပ်တိုက်တွေ့တုန်း ရှင်းနိုင်တာပါ” ဟု သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
ဆက်လက်၍လည်း ပြည်သူများနှင့် တော်လှန်ရေးတပ်ဖွဲ့များကို ဒုက္ခပေးနေကြသည့် အကြမ်းဖက် စစ်တပ် ဒေါက်တိုင်များကို အရှိန်မြှင့် တိုက်ခိုက်သွားမည် ဖြစ်သောကြောင့် ပြည်သူများ အနေဖြင့် ၄င်းတို့အနီး သွားလာနေထိုင်ခြင်းများ လုံးဝ (လုံးဝ) မပြုလုပ်ကြရန် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၃ က အသိပေး နှိုးဆော်ထားသည်။
