ရန်ကုန်၊ ဧပြီ ၂၉
ချင်းပြည်နယ်၊ မင်းတပ်မြို့ကို ကာကွယ်ရန်မြို့သိမ်းတိုက်ပွဲ ထက် ပိုမိုကြီးမားသည့် တပ်အဖြစ် စု စည်းထားနိုင်သည့်အပြင် မဟာမိတ်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့်လည်းကောင်းမွန်စွာ ချိတ် ဆက်ထားနိုင်ပြီဖြစ်သဖြင့် စစ်တပ်က မင်းတပ်မြို့သို့ ခြေပြန်မချနိုင်သည်အထိ ကာကွယ်သွားမည်ဖြစ်ကြောင်း ချင်းပြည်သူ့အစည်းအရုံး (CPU/ CPA) အထွေထွေအတွင်းရေးမှူး ဆလိုင်းယောမာန်က ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ချင်းပြည်နယ်၊ မင်းတပ်ကို စစ်ကော်မရှင်တပ်က စစ်ကြောင်းထိုးမှုအခြေအနေနှင့်ပတ်သက်၍ ရန်ကုန်ခေတ်သစ်သတင်းဌာနက မေး မြန်းရာတွင် ချင်းပြည်သူ့ အစည်းအရုံး (CPU/ CPA) အထွေထွေအတွင်းရေးမှူး ဆလိုင်းယောမာန်က အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။
“အခုအချိန်မှာ မင်းတပ်မြို့သိမ်းတိုက်ပွဲကထက် အင်အားပိုမိုကြီးမားတဲ့တပ်အဖြစ် ကျနော်တို့ စုစည်းထား နိုင်တယ်။ အရင်ကထက် ပိုမိုကောင်းမွန်များပြားတဲ့ မဟာမိတ်တွေနဲ့ ချိတ်ဆက်မှုတွေ ရှိတယ်။ အင် အားကြီး အိမ်နီး ချင်း မဟာမိတ်တွေနဲ့လည်း အကောင်းဆုံး ပူးပေါင်းဆောင်ရွက်မှုတွေ ရှိနေတယ်။ ကျနော်တို့မှာ အရည်အချင်းရှိတဲ့ မြို့သိမ်းစာမေးပွဲအောင်တပ်မှူးတွေရှိလာပြီ ဖြစ်တယ်။ ရဲဘော် တွေအားလုံးကလည်း စိတ်အားထက်သန်မှုရှိတယ်။ ဒေသခံ ပြည်သူတွေကို ကျနော်တို့ ဦးဆောင်နိုင် တယ်။ ပြီးတော့ ကျနော်တို့ ကိုယ်တိုင်လည်းပဲ စစ်ပွဲမှာ စားနပ်ရိက္ခာ၊ ဆေးဝါးကုသမှု၊ ထောက်ပို့ လုပ်တာတွေနဲ့ ပတ်သက်ပြီး တိုက်ပွဲနဲ့အညီ လိုက်လျောညီထွေစွာ လိုက် ပါလုပ်ဆောင်တတ်နေပြီ ဖြစ်တယ်။” ဟု ၎င်းက ရန် ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဆောင်းရာသီကစ၍ စစ်ကော်မရှင်တပ်က ပခုက္ကူမြို့မှ ပေါက်မြို့နယ် ကပစ ၂၄ အထိ အင်အား ထောင်ဂဏန်းနီးပါး ဖြည့်တင်းကာ ချင်းတောင်ပိုင်းကို တက်လာရန် ကြိုးစားခဲ့ဖူး ပြီး တော်လှန်ရေးတပ် ဖွဲ့များ၏ ပူးပေါင်းခုခံစစ်ကြောင့် ပုံတောင်၊ ပုံညာပင် ကောင်းကောင်း ကပ်မရဘဲ ကပစ ၂၄ ကို ပြန်ဆုတ်သွားခဲ့ဖူးကြောင်း သူက ရှင်းပြသည်။
“စကမနဲ့ ဒီတစ်ကြိမ်အားပြန်စမ်းကြတဲ့အခါ ကျနော်တို့ရဲ့ “ယာယီလွတ်မြောက်မှု” ဟာ “နှစ်ရှည် လွတ်မြောက်မှု” အဖြစ် ပြောင်းလဲသွားနိုင်တယ်ဆိုတာ သိထားရမယ်။ ကျနော်တော့ ကိုယ့်အဖွဲ့ အစည်းကို ယုံတယ်။ ရဲဘော်တွေကို ယုံတယ်။ ပြည်သူတွေကို ယုံတယ်။ ကျနော်တို့ အရင်ကလိုပဲ ဆက်ပြီး အတူရုန်းကန်ကြမယ်၊ အလုပ်လုပ်ကြမယ်ဆိုရင် မအောင်မြင်စရာ အကြောင်းမရှိဘူး။ ကျ နော်တို့ အလုပ်ကြိုးစားလုပ်ဖို့ပဲလိုတယ်။ ဒါ အနှစ် ၁၀၀ မှာ တစ်ကြိမ်ရတဲ့ အခွင့်အရေးပဲ။ အကျပ် အတည်းကို တောင့်ခံကြမယ်။ အခက်အခဲကနေ အမြတ်ထွက်အောင် လုပ် ကြမယ်။ဒီခွေးမသားတွေ မင်းတပ်မှာ ဘယ်တော့မှခြေပြန်မချစေရဘူး။” ဟု ဆလိုင်းယောမန်က ပြောဆိုသည်။
ယနေ့ ဧပြီလ ၂၉ ရက်နေ့ နံနက် ၈ နာရီ ၅၀ မိနစ်အချိန် မင်းတပ်မြို့နယ် တစ်နေရာသို့ အကြမ်းဖက်စစ်တပ်က ဗုံးကျဲတိုက်ခိုက်သွားခဲ့ကြောင်း ချင်းတော်လှန်ရေးသတင်းရင်းမြစ်တစ်ခုထံမှ သိရှိရသည်။
ဧပြီလ ၂၅ ရက်နေ့ တော်လှန်ရေးတပ်များ သိမ်းပိုက်ခဲ့သော ဖလမ်းမြို့ကို စစ်ကော်မရှင်တပ်က ပြန်လည်ရသွားပြီးနောက် ဧပြီလ ၂၆ ရက်နေ့ ဆောမြို့နယ်၊ ကျောက်ထုအ မြောက်တပ်ထဲမှ စစ်သားများသည် ကံကြီးရွာကို စစ်ကြောင်းထိုးချီတက်လာကာ အင်အား ၂၀၀ ခန့် ဖြင့် တပ်စွဲထားသည်။ အဆိုပါ ကျောက်ထုမြို့သည် မင်းတပ်မြို့နှင့် ၁၆ မိုင်ဝေးကွာပြီး လက်ရှိ တပ်စွဲထားသော ကံကြီးကျေးရွာသည် မင်းတပ်မြို့နှင့် ၁၂ မိုင်ကွာဝေးသည်။
ထိုသို့ ကံကြီးကျေးရွာကို တပ်စွဲထားသော စစ်သားများနှင့် ကျောက်ထုမြို့အခြေစိုက် အမတ ၃၆၈ တပ်ရင်းပေါင်းပါကလည်း ချင်းပြည်နယ်တောင်ပိုင်းသို့ ထိုးစစ်ဆင်နိုင်သည့် အင်အား မရှိကြောင်း၊ ထို့ကြောင့် ကံကြီးရွာ အနီးတဝိုက် စစ်ကြောင်းထွက် လှုပ်ရှားမှုသည် ကံကြီး၌သာ အထိုင်ချ တပ်စွဲ ရန်သာရှိပြီး ကျောက်ထုအမြောက်တပ်ကို အင်အားဖြည့်တင်ပြီးပါက တက်လာနိုင်ခြေရှိကြောင်း ဆလိုင်းယောမန်က သုံးသပ်ထားသည်။




