ရန်ကုန်၊ ဧပြီ ၂၉
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နန်းမားမြို့ပေါ်နှင့် ကျေးရွာများကို အကြမ်း ဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် အသက် ၁၁ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဧပြီလ ၂၈ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် မိုးညှင်းမြို့နယ်ရှိ အကြမ်းဖက် စစ် တပ်၏ ၃၈၅ အမြောက်တပ်ရင်းက နန်းမားမြို့ပေါ်ကို KIA တပ်များ ရောက်ရှိလာသည်ဟုဆိုကာ လက်နက်ကြီးများဖြင့် ပြည်သူများနေထိုင်သော နန်းမားမြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာများကို ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီးကျည်များသည် မြို့အနီးရှိ တောင်အင်းရွာကို ၁ လုံးကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၁၁ နှစ်အရွယ် ကလေးငယ် ၁ ဦး ပွဲချင်းပြီးသေဆုံးခဲ့ပြီး မြို့ပေါ်ရှိ ရွှေပြည်အေးရပ်ကွက်ကိုလည်း ကျည်များ ကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသား ၁ ဦး ဦးခေါင်းပြတ်ကာ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း၊ ထို့ပြင် ပြည်သူ ၂ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မိုးညှင်းဆေးရုံနှင့် မြစ်ကြီးနားဆေးရုံတို့တွင် တက်ရောက်ကုသနေရကြောင်း သိရှိရသည်။
“စစ်ခွေးတွေက KIA ရဲဘော်တွေ မြို့ထဲရောက်နေတယ်လို့ သတင်းကြားပြီး ၃၈၅ အမြောက်တပ်ရင်းကနေ လက်နက်ကြီး ၃ လုံးနဲ့ ပြည်သူတွေ နေထိုင်တဲ့နေရာတွေကို လှမ်းပစ်တာ မြို့အနီး တံတားတဖက်ကမ်းက တောင်အင်းရွာကို ၁ လုံးကျတယ်။ ၁၁ အရွယ် ကလေးမလေး ပွဲချင်းပြီး သေဆုံးတယ်။ မြို့ထဲပ ရပ်ကွက်ဖြစ်တဲ့ ရွှေပြည်အေးမှာကျတာက သံတိုသံစ ဝယ်ရောင်းလုပ်တဲ့ ဦးလေးအိမ်ကိုပဲ လက်နက်ကြီးက ၂ လုံး ကျတော့ ခေါင်းပြတ်ပီး ပွဲချင်းပြီး သေတယ်။ သူ့အိမ်ရှေ့က အသက် ၆၀ ကျော် အန်တီက အစအနမှန်ပြီး ခေါင်းထိသွားတယ်။ အခု မိုးညှင်းဆေးရုံမှာ တက်ရောက်နေတယ်။ ဆယ်ကျော်သက် ကောင်လေးက ခြေထောက်ပြတ်သွားတယ်ပြောတယ်။ ဒဏ်ရာများတော့ မြစ်ကြီးနားဆေးရုံပို့လိုက်တယ် စိုးရိမ်ရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ဧပြီလ ၂၃ ရက်နေ့တွင် မိုးညှင်းမြို့နယ်၊ အုန်းစံဆိုင်ရွာရှိ အကြမ်းဖက် စစ်တပ် လက်အောက်ခံ SNA တပ်စခန်း ၂ ခုကို KIA နှင့် SSIA (Shan Shanni Independence Army) တို့က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် စစ်တပ်က အရပ်သားပြည်သူများကိုပါ ပစ်မှတ်ထား တိုက်ခိုက်လာခြင်းဖြစ်ကြောင်း သိရသည်။




