ရန်ကုန်၊ မတ် ၅
မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် စစ်မှုထမ်း တပ်သားသစ် ၆ ဦး အလင်းဝင်ရောက်လာပြီး စစ်ကြောင်းမှ ထွက်ပြေးလာသည့် တပ်သားသစ် ၁ ဦးကိုလည်း အရှင်ဖမ်းမိခဲ့ကြောင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ရေစကြိုမြို့နယ် ခလရ ၂၅၈ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် မင်းမင်းထက် ၊ တပ်သားသစ် စောအိုင်းဇက် ၊ တပ်သားသစ် ထက်ကိုနိုင် နှင့် တပ်သားသစ် ရဲဇော် တို့သည် ပြည်သူ့ကာကွယ်ရေး ရဲဘော်များဖြင့် ဆက်သွယ်ကာ ၎င်းတို့ ယူဆောင်လာသော ဗုံးသီးများ ကျည်များကို အပ်နှံ၍ ပြည်သူ့ရင်ခွင်ထံ ခိုလှုံလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ အလင်းဝင်ရောက်လာသော စစ်ကောင်စီ တပ်သားသစ် ၄ ဦးသည် စစ်ကိုင်း တံတားပေါ်နှင့် မြန်မာနိုင်ငံ အခြားသော နေရာများတွင် ခရီးသွားလာရင်း အကြမ်းဖက် စစ်ကောင်စီတပ်သားများ၏ တပ်သားသစ် စုဆောင်း ပေါ်တာဆွဲခံခဲ့ရသူဖြစ်ကြောင်း၊ ယင်း တပ်သား ၄ ဦးကို ၎င်းတို့၏ မိဘများနှင့်ဆက်သွယ်ကာ ကောင်းမွန်စွာပြန်လည်အပ်နှံပေးခဲ့ကြောင်း သိရှိရသည်။
မတ်လ ၁ ရက် နေ့တွင်လည်း ရေစကြိုမြို့နယ်၊ ခလရ ၂၅၆ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ကျော်ဇေယျာဝင်းနှင့် တပ်သားသစ် ဖိုးကုလားတို့ ၂ ဦးသည် ပြည်သူ့ကာကွယ်ရေး ရဲဘော်များနှင့်ဆက်သွယ်ကာ ပြည်သူ့ရင်ခွင်ထံ အလင်းဝင်ရောက်လာခဲ့ကြောင်း၊ အလင်းဝင်လာသူ ၂ ဦး ယူဆောင်လာသော ဗုံးသီး နှင့် ခဲယမ်းများကို ကာကွယ်ရေး ရဲဘော်များထံ အပ်နှံကာ ကောင်းမွန်စွာ စောင့်ရှောက်ထားကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ရေစကြိုမြို့နယ်နှင့် မြောင်မြို့နယ် အစပ်တွင် စစ်ကြောင်းထိုး မီးရှို့နေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်း၏ ခလရ ၂၅၆ လက်အောက်ခံ စစ်မှုထမ်း တပ်သား ကျော်ထွေးကို ရေစကြိုမြို့ အမှတ် ၃ သောင်ခုံပေါ် တစ်နေရာတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရဲဘော်များက ဖမ်းဆီး ရမိခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ဖမ်းဆီးရမိသော တပ်သား ကျော်ထွေးထံမှ MA1 သေနတ် ၁ လက်၊ ကျည်ဘောက် ၃ ဘောက် ၊ ၅.၅၆ ကျည် ၃၀၀ ခန့်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း၊ ဖမ်းဆီးခံရသော တပ်သား ကျော်ထွေးသည် ၂၀၂၄ ခုနှင့် နိုဝင်ဘာလ ၁ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ၏ အတင်းအဓမ္မ တစ်သားသစ် အဖြစ် စုဆောင်းခံရသူတစ်ဦးဖြစ်ကြောင်း သိရသည်။
“ဖမ်းဆီး ရမိသူက စစ်ကြောင်းထဲကနေပြီးတော့ ရုပ်အလောင်းကို ကောက်မယ်ဆိုပြီးထွက်လာတာ အဲလိုထွက်လာတဲ့ အချိန်မှာ အလောင်းတွေကို မြင်ပြီးတော့ စိတ်ဓာတ်ကျသွားပြီးတော့ လက်နက်နဲ့ ထွက်ပြေးလာတာပေါ့။ ထွက်ပြေးတာကို ကျနော်တို့ လိုက်ဖမ်းတာပေါ့။ လက်ရှိချိန်မှာတော့ အရေးယူဖို့တော့ မရှိသေးဘူး။ သူ့ကို သုံ့ပန်းအနေနဲ့ ထားထားပါတယ်။ ပထမဦးဆုံး ဝင်လာတဲ့ တပ်သားသစ် ၄ ဦးကတော့ သူတို့ မိဘတွေဆီကို ဆက်သွယ်ပြီးတော့ ကောင်းကောင်းမွန်မွန် အပ်နှံပေးလိုက်ပြီပေါ့။ နောက်ထပ် အလင်းဝင်လာတဲ့ တပ်သားသစ် ၂ ဦးကိုတော့ လက်ရှိမှာ လုံခြုံစိတ်ချရတဲ့ နေရာမှာပဲ ကောင်းကောင်းမွန်မွန်ထားရှိပေးထားတယ်။ အခု ကျနော်တို့ မြို့နယ်မှာပဲ အတင်းအဓမ္မ ပေါ်တာဆွဲခံရတဲ့ တပ်သားသစ်တွေများတယ်ပေါ့။ သူတို့အနေနဲ့ ကျနော်တို့ ပြည်သူ့ရင်ခွင်ကို ခိုလှုံချင်တယ်ဆိုရင် လုံခြုံစိတ်ချစွာနဲ့ ခိုလှုံနိုင်တဲ့ အကြောင်းပေါ့။ ကျနော်တို့ဘက်ကနေလည်း အသက်အန္တရာယ် အာမခံချက်အပြည့်နဲ့ ခေါ်ဆောင်ပေးမယ့်လို့ အသိပေး ပြောဆိုချင်ပါတယ်” ဟု ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
ထို့ပြင် မကွေးတိုင်း၊ ပခုက္ကူမြို့ တပ်မ ၁၀၁ မှ စစ်မှုထမ်း တပ်သား ၂ ဦး အလင်းဝင်ရောက်ခဲ့ကြောင်း Burma Revolution Rangers တာဝန်ခံ ကိုကာတွန်းက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မေလ ၂ ရက်နေ့ နှင့် မေလ ၄ ရက်နေ့ နံနက် ၄ နာရီ ၃၀ မိနစ်ခန့်တွင် ပခုက္ကူမြို့ တပ်မ ၁၀၁ မှ ထွက်ပြေးလာသော စစ်မှုထမ်းတပ်သားသစ် အသက် ၂၅ နှစ်အရွယ် ချစ်ဆန်းနိုင် နှင့် အသက် ၂၇ နှစ်အရွယ် ချစ်ကိုတို့ ၂ ဦးသည် တော်လှန်ရေး တပ်ဖွဲ့များထံ အလင်းဝင်ရန် ချိတ်ဆက်လာသောကြောင့် Burma Revolution Rangers တပ်ဖွဲ့က သွားရောက် ခေါ်ဆောင် ပေးခဲ့ကြောင်း သိရသည်။
“တစ်ယောက်ကျတော့ ကလေးမြို့ကပါ။ တစ်ယောက်ကတော့ မုံရွာကပါ။ နှစ်ယောက်စလုံးက သင်တန်းအပတ်စဉ် ၈ ပါ။ လက်နက်မပါဘူး ဘာမှမပါဘူး။ ဒီတိုင်းသူတို့ အလွတ်ရုန်းလာတာပါ။ ဂုဏ်ပြုဆုငွေကတော့ မချီးမြှင့်ပါဘူး။ ကျန်တာ ကျွန်တော်တို့ သူတို့ကို ကောင်းကောင်း စောင့်ရှောက် ထားပါတယ်။ နောက်ထပ် စစ်မှုထမ်းထဲပါနေတဲ့သူတွေ စစ်မှုထမ်းထဲစာရင်းပါတဲ့သူတွေရော အကုန်လုံး စစ်ကောင်စီတပ်သားတွေရော ပျူစောထီးတွေရော ဒီကောင်တွေအတွက် မင်းအောင်လှိုင်အတွက် အသက်မပေးဘဲနဲ့ နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့တွေဆီကို ခိုလှုံဖို့ရာအတွက် ကျွန်တော်ကတော့ အကြံပေးချင်ပါတယ်” ဟု Burma Revolution Rangers တာဝန်ခံ ကိုကာတွန်းက ပြောဆိုသည်။
အလင်းဝင်လာသော စစ်မှုထမ်း တပ်သားသစ် ၂ ဦးကို Burma Revolution Rangers တပ်ဖွဲ့က နွေးထွေးစွာ ကြိုဆိုခဲ့ပြီး ဆက်လက် စောင့်ရှောက်ထားကြောင်း၊ အကြမ်းဖက် စစ်ကောင်စီက အတင်းအဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးမှုများ နေရာအနှံ့ပြုလုပ်နေ၍ ပြည်သူများ အနေဖြင့် အသွားအလာ အနေအထိုင် ဂရုစိုက်ကြရန်နှင့် အတင်း အဓမ္မ စစ်မှုထမ်းရန် ဖမ်းဆီးခံရပါက Burma Revolution Rangers တပ်ဖွဲ့ ဖြစ်စေ နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့များတွင် ဖြစ်စေ ဆက်သွယ်ပြီး အလင်းဝင်ရောက်ကြရန် တိုက်တွန်းလိုကြောင်း၊ စစ်ကောင်စီ တပ်သားများနှင့် ပျူစောထီးများ အနေဖြင့်လည်း အကြမ်းဖက် စစ်ကောင်စီ အတွက် အသက်အသေမခံဘဲ တော်လှန်ရေးတပ်ဖွဲ့များထံတွင် အလင်းဝင်ရောက် ခိုလှုံကြရန် Burma Revolution Rangers တာဝန်ခံ ကိုကာတွန်းက ပြောဆိုသည်။
အလားတူ မန္တလေးတိုင်း၊ သာစည်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်၏ အတင်း အဓမ္မ ပေါ်တာဖမ်းဆီးခံရပြီး တပ်သားသစ် စုဆောင်းခံရသူ တစ်ဦး အလင်းဝင်ရောက်ခဲ့ကြောင်း ဓနုပြည်နယ်အမျိုးသား ကာကွယ်ရေးတပ်တော် (DSNDA) မှ ပြန်ကြားရေးတာဝန်ခံ ကျားပျံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
မတ်လ ၂ ရက်နေ့တွင် သာစည်မြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်၏ အတင်း အဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးခံရပြီး ကျိုင်းတောင်းမြို့ကို စစ်သင်တန်း တက်ရောက်ပြီးနောက် ဖျောက်ဆိပ်ပင် စစ်အင်ဂျင်နီယာတပ်ရင်းသို့ ပို့ဆောင်ခံရသော စစ်မှုထမ်း တပ်သားသစ် ၁ ဦးသည် ဓနုပြည်နယ်အမျိုးသား ကာကွယ်ရေးတပ်တော် (DSNDA) ထံ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“မတ်လ ၂ ရက်နေ့က အလင်းဝင်ခဲ့တာပါ။ လက်နက် မပါဘူး။သာစည်မြို့နယ်မှာ ဖမ်းဆီးခံရတာပါ။ ဘယ်အပတ်စဉ်ဆိုတာလည်း သူမသိခဲ့ဘူးလို့ ပြောပါတယ်။ သူဖမ်းဆီးခံရပြီး မကြာဘူး ကျိုင်းတောင်းကို ခေါ်သွားပြီး အဲမှာ သင်တန်းတက်ခိုင်းတယ်လို့ပြောပါတယ်။ သင်တန်းပြီးတော့ ဖျောက်ဆိပ်ပင် စစ်အင်ဂျင်နီယာတပ်ရင်းကို ပို့လိုက်တယ်လို့ ပြောတယ်။ သူထွက်ပြေးလာပြီး ကျနော်ဆီ ချိတ်ဆက် အလင်းဝင်တာလာပါ။ ဆုငွေ ချီးမြှင့်တာတွေတော့ မလုပ်ရသေးပါဘူး။ သူ့ရဲ့ ကျန်ခဲ့တဲ့ မိသားစုဝင်တွေ လုံခြုံရေးနဲ့ စားဝတ်နေရေးတွေကို ဆောင်ရွက်ပေးလျက်ရှိပါတယ်။ သူက စစ်ကောင်စီကို ပြန်တိုက်ထုတ်မယ်ဟုဆိုပါတယ်။ ဒါကြောင့် သူ့ကို တော်လှန် ညီကိုတွေလိုပဲ ထားထားပါတယ်။ ကျွန်တော်တို့ အဖွဲ့မှ မဟုတ်ဘဲ အခြားသော တော်လှန်ရေးအဖွဲ့အစည်းအသီးသီးကလည်း ကြိုဆိုလျက်ရှိကြပါတယ် ဒါကြောင့် ပေါ်တာဆွဲခံရတဲ့သူတွေပြည်သူနဲ့ အတူ လက်တွဲကြဖို့ပြောချင်ပါတယ်” ဟု ဓနုပြည်နယ်အမျိုးသား ကာကွယ်ရေးတပ်တော် (DSNDA) မှ ပြန်ကြားရေးတာဝန်ခံ ကျားပျံက ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar



