ရန်ကုန်၊ မတ် ၅
လတ်တလော မြန်မာနိုင်ငံအတွင်းတွင် စစ်ကောင်စီက စစ်မှုထမ်းခိုင်းရန်အတွက် လူငယ်များကို အဓမ္မပေါ်တာဆွဲ ဖမ်းဆီးမှုများ တောက်လျှောက်လုပ်ဆောင်နေကြောင်း၊ ထိုသို့ လုပ်ဆောင်မှုကြောင့် လူငယ်များမှာ ပြည်ပနိုင်ငံများသို့ ထွက်ခွာရန် ကြိုးစားနေကြကြောင်း၊ တရားဝင် လေဆိပ်မှတစ်ဆင့် ထွက်ခွာရန်မှာလည်း စစ်ကောင်စီက PJ နိုင်ငံကူးလက်မှတ်၊ PV နိုင်ငံကူးလက်မှတ်ဖြင့် ပြည်ပထွက်ခွာမှုများကို စစ်ကောင်စီက တင်းကျပ်စိစစ်ပိတ်ပင် လျက်ရှိကြောင်း၊ ထို့ကြောင့် တရားမဝင် လမ်းကြောင်းများမှတစ်ဆင့် ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံသို့ သွား ရောက် တိမ်းရှောင်မှုများ များပြားလာနေကြောင်း ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်တွင် ရွှေ့ပြောင်း မြန်မာလူငယ်များကို အကူအညီပေးနေသူတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
“ပေါ်တာဆွဲတာတွေ အရမ်းများတော့ လူငယ်တွေ ပြေးချင်လို့ ဆိုပြီး ဆက်သွယ်တာ အတော်ကိုများတယ်။ မြ၀တီ- မဲဆောက် လမ်းကြောင်းက အခု အရမ်းတင်းကျပ်ထားတော့ ဘုရားသုံးဆူ ဘက်ကနေ သွားကြတာများတယ်။ အဖမ်းခံရတာလည်းများတယ်။ ထိုင်းကနေတစ်ဆင့် မလေးရှားအထိ အောက်လမ်းကနေသွားကြတာလည်း အရမ်းများတယ်။ တချို့လည်း ထိုင်းဘက်မကူးတော့ဘူး။ ဒီဘက်မှာရှိတဲ့ ကျားဖြန့်တွေမှာပဲ ဝင်လုပ်ကြတာတွေလည်းအများကြီးပဲ။ တစ်နေ့ တစ်နေ့ကို နယ်စပ်ဘက်ကို လူတွေကို ရာနဲ့ချီကို ထွက်လာနေကြတာ” ဟု ထိုင်း-မြန်မာနယ်စပ်မှ ရွှေ့ပြောင်း မြန်မာလူငယ်များကို အကူအညီပေးနေသူက ရှင်းပြသည်။
ထူးခြားချက်အနေဖြင့် ယခုရက်ပိုင်းအတွင်း ထိုင်း-မြန်မာ နယ်စပ်ဘက်သို့ ထွက်ခွာလာကြသည့် လူငယ်များတွင် အမျိုးသမီးငယ် အရေအတွက် သိသိသာသာ တိုးတက်များပြားလာနေကြောင်း၊ အမျိုးသမီးငယ်များမှာ ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံသို့ တရားမဝင် လမ်းကြောင်းများမှ သွားရောက် အလုပ်လုပ်ရန် ထွက်ခွာနေကြဖြစ်သည်ဟု မေးမြန်းချက်များအရ သိရှိရကြောင်း ၎င်းက ဆိုသည်။
“အမျိုးသမီးတွေက စစ်မှုထမ်းမခေါ်ပေမယ့် အထဲမှာ အလုပ်မရှိတော့တာနဲ့ အိမ်တွေမှာ အရမ်းကျပ်တည်းလာကြတော့ အလုပ်လုပ်ဖို့ ဆိုပြီး ထွက်လာကြတယ်။ အမျိုးသမီးတွေကတော့ စီးပွားရေး အဆင်မပြေလို့ အဓိက ထွက်ကြတယ်။ အရွယ်ပေါင်းစုံပဲ။ အသက် ၁၆ နှစ်၊ ၁၇ နှစ်လေးတွေကစပြီး အသက် ၅၀ လောက်အထိ အမျိုးသမီးတွေ ပြေးလာနေကြတာ” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
အကြမ်းဖက်စစ်ကောင်စီက ယခုအခါ စစ်မှုထမ်းအပတ်စဉ် ၁၁ ဖွင့်လှစ်ရန် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးမှုများ နိုင်ငံတစ်ဝန်း လုပ်ဆောင်နေကြောင်း ရန်ကုန်ခေတ်သစ်၏ သတင်းထောက်များ၏ သတင်းပေးပို့ချက်နှင့် ပြည်သူများ၏ ပြောဆိုချက်များအရ သိရှိရသည်။
ဓာတ်ပုံ – ထိုင်းကချနဘူရီသတင်း။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar


