ရန်ကုန်၊ မတ် ၆
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရပြီး စာသင်ကျောင်းနှင့် နေအိမ်များ ပျက်စီးခဲ့ကြောင်း KNU ဒူးပလာယာခရိုင်က သတင်းထုတ် ပြန်သည်။
မတ်လ ၅ ရက်နေ့ နံနက် အစောပိုင်း ၁ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က တိုက်လေယာဉ် ၁ စီးဖြင့် ကော့ကရိတ်မြို့နယ်၊ အစွန်းကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်း တိုက်ခိုက်မှု အတွင်း အသက် ၂၈ နှစ်အရွယ် အမျိုးသမီး ၁ ဦး နှင့် အသက် ၆၂ နှစ် အရွယ် အမျိုးသမီး ၁ ဦး ထိခိုက် ဒဏ်ရာရရှိပြီး ကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ် ၃ လုံး ထိမှန်ပျက်စီးခဲ့ကြောင်း သိရှိရသည်။
မတ်လ ၄ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်ကလည်း အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ကော့ကရိတ်မြို့နယ်၊ ဘော့ဒိုင်း ကျေးရွာ စာသင်ကျောင်းကို လာရောက် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် ဘော့ဒိုင်းကျေးရွာ စာသင်ကျောင်း ၁ လုံး အပါအဝင် ရေတွင်း၊ ရေကန် နှင့် ဆိုင်ကယ် ၁ စီး ထိမှန် ပျက်စီးခဲ့ကြောင်း၊ ထို့ပြင် အသက် ၁၅ နှစ်အရွယ် လူငယ် ၁ ဦး နှင့် အသက် ၃၆ နှစ် အရွယ် အမျိုးသမီး ၁ ဦးတို့လည်း ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်က စစ်ရေးပစ်မှတ်မဟုတ်သော ဘာသာရေး အဆောက်အဦးများ၊ ပြည်သူ့ဆေးရုံဆေးခန်းများ၊ စာသင်ကျောင်းများ နှင့် အပြစ်မဲ့ အရပ်သား ပြည်သူများ နေထိုင်သည့် နေရာများကို ပစ်မှတ်ထား၍ ရည်ရွယ်ချက်ရှိရှိ လိုက်လံဗုံးကျဲ ပစ်ခတ် တိုက်ခိုက်နေကြောင်း KNU ကေအဲန်ယူ – ဒူးပလာယာခရိုင်က ထုတ်ပြန်ထားသည်။
အလားတူ ကလေးမြို့နယ်ရှိ ကျေးရွာများကိုလည်း အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ကလေးမြို့ဒေသ သတင်းရင်းမြစ် က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၅ ရက်နေ့ နံနက် အစောပိုင်း ၁ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က Y-12 လေယာဉ်ဖြင့် မြောက်စည်းရွာမှ မှန်တောရွာထိ ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ယင်း တိုက်ခိုက်မှု အတွင်း နေအိမ်များ ထိခိုက်ပျက်စီးမှု ရှိသော်လည်း ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရသည်။
“မြောက်စည်းရွာကနေ စစ်ခွေးတွေက ရွာစဉ်ထိုးကျဲတာ မှန်တောရွာထိ ဆက်တိုက်ကျဲချသွားတယ်လို့ သိရတယ်။ ရာဇဂြိုလ်လည်း ကျဲတယ်လို့ သိရတယ်။ ဂျက်ဖိုက်တာနဲ့ ထပ်ကျဲသွားတာ ပြည်သူတွေ ထိခိုက်မှုမရှိဘူးလို့တော့ သိထားရပေမယ့် နေအိမ်တွေ ပျက်စီးမှုရှိတယ်လို့ သိရတယ်” ဟု ကလေးဒေသသတင်းရင်းမြစ်က ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar






