ရေစကြိုနှင့် မြောင် အစပ်သို့ စစ်ကြောင်းထိုးနေသည့် စစ်တပ်က ပြည်သူများကို သတ်ဖြတ်ပြီး ကျေးရွာများကို ဆက်တိုက် မီးရှို့နေမှုကြောင့် ပြည်သူ ၁ သောင်းကျော် ထွက်ပြေးနေရ
မကွေးတိုင်း၊ ရေစကြိုမြို့နယ်နှင့် စစ်ကိုင်းတိုင်း မြောင်မြို့နယ် အစပ်သို့ စစ်ကြောင်းထိုးနေသည့် စစ်တပ်က ပြည်သူများကို သတ်ဖြတ်ပြီး ကျေးရွာများကို ဆက်တိုက် မီးရှို့နေသဖြင့် ကျေးရွာ ၁၄ ခုကျော်မှ ပြည်သူ ၁ သောင်းကျော် ထွက်ပြေးနေရကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ ခေါင်းဆောင် ကိုနွေဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၂ ရက်နေ့တွင် ရေစကြိုမြို့မှ ထွက်လာသသည့် အင်အား ၈၀ ခန့်ပါ အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် လက်နက်ကြီးများ ဆက်တိုက် ပစ်ခတ်ပြီး မြေစွန်းရွာကို ဝင်ရောက်စီးနင်းခဲ့ကြောင်း၊ ယင်းနေ့တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ဆင်ခြေယာရွာမှ နေအိမ် ၂ လုံး မီးလောင်ကာ ဆိုင်ကယ် ၇စီးခန့် မီးလောင် ပြာကျခဲ့ကြောင်း သိရသည်။
မတ်လ ၃ ရက်နေ့တွင် မြေစွန်းရွာကို အကြမ်းဖက် စစ်တပ်က ဒုတိယ အကြိမ် မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ မတ်လ ၄ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က အင်အား ၆၀ ခန့် ထပ်မံ ဖြည့်တင်းခဲ့ပြီး မြေစွန်းရွာကို တတိယ အကြိမ် ထပ်မံ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။
မတ်လ ၅ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ဇရပ်နီရွာကို ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ မတ်လ ၇ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက သာခေါင်လေးရွာကို ထပ်မံ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
လက်ရှိအချိန် ရေစကြိုမြို့နယ် အတွင်းရှိ မြေစွန်းရွာ၊ ဆင်ခြေယာရွာ၊ မာလကာခြံရွာ၊ ရွှေလှန်ရွာ၊ ရွာသစ်ရွာ၊ သာခေါင်ကြီးရွာ၊ ဇရပ်နီရွာ၊ သာခေါင်လေးရွာ၊ ဖြုံဘူးရွာနှင့် မြောင်မြို့နယ် အတွင်းရှိ မြစ်ဆုံရွာ၊ ငါးရံ့အိုရွာ၊ မင်းလှရွာ၊ ပန်းညိုရွာနှင့် ညောင်ကားယားရွာတို့မှ ပြည်သူ ၁ သောင်းကျော်သည် ဘေးလွတ်ရာ တိမ်းရှောင်နေရဆဲ ဖြစ် ကြောင်း သိရှိရသည်။
” စစ်ခွေးစစ်ကြောင်းက မြောင်ထဲကိုဝင်ချင်နေတဲ့သဘောပါ။ လက်ရှိချိန်ထိ ရေစကြိုနဲ့ မြောင်အစပ်မှာရှိနေသေးတယ်။ ခွေးစစ်ကြောင်းရှိသေးတော့ ပြည်သူတွေ ဆက်လက် တိမ်းရှောင်နေရတုန်းပါပဲ” ဟု မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံ ရေးအဖွဲ့ ခေါင်းဆောင် ကိုနွေဦးက ပြောဆိုသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ရေစကြိုမြို့နယ် မြေစွန်းရွာကို ဝင်ရောက် စီးနင်းစဉ် အသက် ၇၀ ကျော်အရွယ် ဦးဟန်တင် ၊ အသက် ၆၀ အရွယ် ဦးဌေးမြင့်၊ အသက် ၈၈ နှစ်အရွယ် ဦးသံမဏိ ၊ အသက် ၆၀ အရွယ် ဒေါ်သန်းပြည့် နှင့် အသက် ၈၆ နှစ်အရွယ် ဒေါ်လှငွေ တို့ကို ဖမ်းဆီးသတ်ဖြတ်ခြင်းနှင့် မီးရှို့သတ်ဖြတ်ခဲ့ကြောင်း Yesagyo Township Info Committee အဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။


