မန္တလေး-မတ္တရာလမ်းပိုင်း ကြာနီကန်ရွာလမ်းမကြီးဘေးရှိ နေအိမ် ၈၀ ကျော်ကို စစ်တပ်က မြေကော်စက်၊ဘူဒိုဇာများဖြင့် အင်အားသုံး ဖျက်ဆီး
မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ မန္တလေး-မတ္တရာလမ်းပိုင်း ကြာနီကန်ရွာ လမ်းမကြီးဘေးရှိ နေအိမ် ၈၀ ကျော်ကို အကြမ်းဖက် စစ်တပ်က လမ်းပိုင်မြေဟု ဆိုကာ မြေကော်စက်၊ ဘူဒိုဇာများဖြင့် ဖျက်ဆီးခဲ့ကြောင်း MDY Revolution မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၄ ရက်နေ့မှ မတ်လ ၆ ရက်နေ့အထိ နေ့စဉ် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက အင်အား ၅၀ ကျော်ဖြင့် မန္တလေး-မတ္တရာလမ်းပိုင်း ကြာနီကန်ရွာ လမ်းမကြီး အရှေ့ဘက်ခြမ်းနှင့် အနောက်ဘက်ခြမ်းရှိ နေအိမ်များကို ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ထိုသို့ လာရောက် ဖျက်ဆီးရာတွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ကြိုတင် အကြောင်းကြားခြင်းမရှိဘဲ လမ်းပိုင်မြေဟုဆိုကာ အတင်း အဓမ္မ ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ပြင် ပြည်သူများကိုလည်း ပစ္စည်းများ ယူဆောင်ခွင့်မပေးဘဲ ဖျက်ဆီးခဲ့ခြင်းကြောင့် ဆုံးရှုံးမှု များပြားကြောင်း သိရသည်။
“မန္တလေးနဲ့ မတ္တရာ အဝေးပြေး လမ်းမကြီးဘေးက လမ်းအရှေ့ဘက် အနောက်ဘက်ပါ အိမ်တွေကို ဖျက်ဆီးသွားတာ အနည်းဆုံး အိမ်ခြေ ၈၀ ကျော်လောက်ရှိတယ်။ ပြည်သူ အများစုက ဖျက်မယ်ဆိုတာတောင် မသိဘူး။ စစ်တပ်က ကြိုတင်အကြောင်းမကြားဘဲ ဖျက်ဆီးသွားတာ” ဟု MDY Revolution မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အကြမ်းဖက် စစ်တပ်က ပြည်သူပိုင် နေအိမ်များကို ဖျက်ဆီးနေချိန် မှတ်တမ်း ဓာတ်ပုံ ရိုက်ကူးသည့် ပြည်သူတချို့ကို ဖမ်းဆီးမှုရှိပြီး ဓာတ်ပုံရိုက်မှုများ မပြုလုပ်ရန်လည်း လက်နက်ကိုင် ပျူစောထီးများက ခြိမ်းခြောက်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်


