တနင်္သာရီမြို့နယ်၊ သိန်ခွန်းရွာမှ ထွက်လာသော စစ်သားများ လိုက်ပါလာသည့် ကား ၁ စီးနှင့် ကာကင်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦး သေဆုံး
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ သိန်ခွန်းရွာမှ ထွက်လာသော အကြမ်းဖက် စစ်သားများ လိုက်ပါလာသည့် ကား ၁ စီးနှင့် ကာကင်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦး သေဆုံးခဲ့ကြောင်း People’s Defence Force- မြိတ်ခရိုင်တပ်ရင်း ၂ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၈ ရက်နေ့ နံနက် ၉ နာရီခန့်တွင် တနင်္သာရီမြို့နယ်၊ သိန်ခွန်းကျေးရွာမှ ချောင်းနှစ်ပေါက်ကျေးရွာဘက်ကို ထွက်လာသည့် အကြမ်းဖက် စစ်သားများ လိုက်ပါလာသော ကား ၁ စီးနှင့် ကာကင်းယူထားသော စစ်သားများကို တော်လှန်ရေး တပ်ဖွဲ့များ အလစ်အငိုက် ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်သားများ လိုက်ပါလာသော ကား ၁ စီးသည် လမ်းဘေးတွင် ထိုးကျသွားပြီး စစ်သား ၃ ဦး သေဆုံးသည်ကို မျက်မြင်တွေ့မြင်ခဲ့ကြောင်း၊ ထို့ပြင် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု ထပ်မံရှိနိုင်ကြောင်း၊ တော်လှန်ရေး ပူးပေါင်းအဖွဲ့ဘက်မှ ရဲဘော် ၂ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
“ကျနော်တို့ အတိအကျ သေချာ မြင်ခဲ့တာက မျက်မြင် စစ်ခွေး ၃ ကောင် သေတာတွေ့တယ်။ တိုက်ပွဲဖြစ်ပွားတာက ၂၅ မိနစ်ခန့်လောက်ကြာတယ်။ ကျနော်တို့ တော်လှန်ရေး ရဲဘော်တွေ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်” ဟု People’s Defence Force- မြိတ်ခရိုင်တပ်ရင်း ၂ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို မြိတ်ခရိုင်တပ်ရင်း ၂ နှင့် မဟာမိတ် ပူးပေါင်း တပ်ဖွဲ့များက လုပ်ဆောင်ခဲ့ပြီး တနင်္သာရီမြို့နယ်အတွင်း ဖြစ်ပေါ်နေသော စစ်ရေးအခြေအနေများအရ ဒေသပြည် သူများ၊ ခရီးသွားပြည်သူများအနေဖြင့် သတိရှိစွာ သွားလာနေထိုင်ပေးကြပါရန် မြိတ်ခရိုင်တပ်ရင်း ၂ မှ တာဝန်ရှိသူတစ်ဦးက ဆက်လက်ပြောဆိုသည်။
