27 C
Yangon

ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးစခန်းတွင် AA နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ကစစ်မှုထမ်းအပတ်စဉ် ၈ ဆင်း တပ်သားသစ်အင်အား ၆၀၀ ကျော် စစ်ကူပို့ဆောင်ထား

Must read

ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးစခန်းတွင် AA နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ကစစ်မှုထမ်းအပတ်စဉ် ၈ ဆင်း တပ်သားသစ်အင်အား ၆၀၀ ကျော် စစ်ကူပို့ဆောင်ထား

ရန်ကုန်| မတ် ၉

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ရခိုင်-ပဲခူးကားလမ်း (တောင်ကုတ်-ပန်းတောင်းလမ်း) ရခိုင်ရိုးမခြေဆင်းရှိ ညောင်ကျိုးစခန်းသိမ်းတိုက်ပွဲကို AAနှင့် စစ်ကောင်စီတို့မှာ အပြင်းအထန် တိုက်ခိုက်နေပြီး စစ်ကောင်စီဘက်က အင်အား ဖြည့်တင်းနေကြောင်း သိရသည်။

စစ်ကောင်စီက လက်နက်ကြီးများဖြင့် အခိုင်အမာ အထိုင်ချထားသော ညောင်ကျိုးတပ်စခန်းကို အာရက္ခတပ်တော် AA က ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ပြီး မှော်ဘီတပ်နယ် တပ်ရင်းများမှ အင်အားရာချီကို ဖြည့်တင်းနေသည်။

စစ်ရေးသတင်းရင်းမြစ်တစ်ဦးက “တိုက်ပွဲက ပြင်းသထက် ပြင်းလာနေတယ်။ AA ရဲ့ ထိုးစစ်တိုက်ခိုက်မှုကလည်း မရပ်ဘူး။ စစ်ကောင်စီကလည်း အသည်းအသန် ခုခံနေတယ်။ စစ်ကောင်စီဘက်က အကျအဆုံးများလို့ လေကြောင်းပစ်ကူတာကို တောက်လျှောက်ပေးနေရတယ်လို့ သိရတယ်။ မှော်ဘီတပ်နယ် တပ်ရင်းများမှ အင်အားရာချီကို ဖြည့်တင်နေတယ်” ဟု ပြောသည်။

အာရက္ခတပ်တော် AA က တောင်ကုတ်-ပန်းတောင်းလမ်းပေါ်ရှိ မိုးထိတောင်ကို သိမ်းပိုက်ပြီးနောက် ညောင်ကျိုးစခန်းကို ဆက်လက်သိမ်းရန် တိုက်ခိုက်နေခြင်းဖြစ်သည်။

AA ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ညောင်ကျိုးတိုက်ပွဲအတွင်း စစ်ကောင်စီဖက်မှ အသက် ၃၆ နှစ်အရွယ် ဗိုလ်မှူးသန့်ဇော်ဟိန်း သေဆုံးသွားကြောင်း သိရသည်။

တိုက်ပွဲများ ပြင်းထန်နေ၍ စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခမရ ၃၁၃၊ ခမရ ၇၀၁၊ ခမရ ၇၀၂နှင့် ခမရ ၇၀၃ တပ်ရင်းလေးရင်း ရှိသည့်အနက် သုံးရင်းကို ညောင်ကျိုးသို့ အင်အားဖြည့်ပို့ဆောင်နေကြောင်း သတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီ၏ ညောင်ကျိုး တပ်စခန်းမှာ ညောင်ခြေထောက် ကပစ ၆ နှင့် ၁၀ မိုင်အကွာတွင် ရှိနေပြီး ကပစ ၆ တွင် အင်အားဖြည့်တင်း ပေးနေသည့်အပြင် ရန်ကုန်နှင့်ပဲခူးမှ တပ်ရင်းအချို့ကလည်း အင်အားဖြည့်တင်း ပေးနေကြောင်း၊ ကပစ ၆ စက်ရုံသို့ နိုင်ငံတစ်ဝန်းမှ စစ်မှုထမ်း အပတ်စဉ် ၈ သင်တန်းဆင်း တပ်သားသစ်များကို အလုံးအရင်းဖြင့် ပို့ဆောင်နေကြောင်း နေပြည်တော် စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

“ကပစ ၆ စက်ရုံအတွက်စစ်အင်အား တိုးနေတာက တောက်လျှောက်ပဲ။ စစ်မှုထမ်းအပတ်စဉ် ၈ က အင်အား ၆၀၀ ကျော်လောက်ကို ကပစ ၆ နဲ့ လမ်းကြောလုံခြုံရေး ပို့ထားတယ်” ဟု နေပြည်တော် စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

ပဲခူးတိုင်းတွင် ကပစ ၆ အပါအဝင် ကပစ-၉ (ကျောက်ဖူး)၊ ကပစ-၅ (ကမြိုင်)၊ ကပစ-၁၆ (မသုန်)နှင့် ပြည်မြို့တဘက်ကမ်းက ကပစ-၃ (ဆင်တဲ)တို့ရှိကြောင်း သိရသည်။

ညောင်ကျိုးတပ်စခန်း မကျဆုံးရေးအတွက် စစ်ကောင်စီဖက်က ညောင်ခြေထောက်၊ ဥသျှစ်ပင်၊ ကပစ ၆ စသဖြင့်တို့က ခံစစ်ပြင်ဆင် ခုခံတိုက်ခိုက်နေကြောင်း သိရသည်။

AA သည် ရခိုင်ပြည် အတွင်းက စစ်တွေမြို့အနီးရှိ စစ်ကောင်စီတပ် စခန်းများကို တိုက်ခိုက်နေသလို ကျောက်ဖြူမြို့နယ်ရှိ စစ်ကောင်စီ၏ ဓညဝတီ ရေတပ်စခန်းအနီးက တပ်စခန်း အချို့ကိုလည်း ထိုးစစ်ဆင် တိုက်ခိုက်နေသည်။

(Western News နှင့် ရန်ကုန်ခေတ်သစ် ပူးတွဲရေးသားသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article