ရန်ကုန်၊ မတ် ၁၀
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း Voice Of Mandalay မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ မတ်လ ၉ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန် မတ္တရာမြို့နယ် ဆည်တော်လေးရွာ လမ်းခွဲကို မြို့ပေါ် မတ္တရာဘောလုံးကွင်းတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် လက်နက်ကြီး ၉ လုံး ရမ်းသမ်းပစ်ခတ်ခဲ့ပြီး ဆည်တော်လေးရွာလမ်းခွဲကို လက်နက်ကြီး ၂ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူ ၂ ဦးသေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
“မတ္တရာဘောလုံးကွင်းကနေ လက်နက်ကြီး ၉ လုံးတိတိ ပြည်သူတွေ နေထိုင်ရာ နေရာကို ရမ်းသမ်းပစ်ခတ်တာ ဆည်တော်လေး လမ်းခွဲကို လက်နက်ကြီး တချို့ ကျရောက်ပေါက်ကွဲတယ်။ ပြည်သူနှစ်ဦးထိမှန်ပြီး သေဆုံးသွားတယ်လို့ သိရတယ်” ဟု Voice Of Mandalay မှ တာဝန်ရှိသူ က ပြောဆိုသည်။
ထို့ပြင် မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ သံဘိုရွာအနီးရှိ တောရိုးကိုလည်း အကြမ်းဖက် စစ်တပ်က စက်တပ်လေထီးများဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း တောင်သာမြို့နယ် လူထုလှုပ်ရှားမှုကော်မတီထံမှ သိရသည်။
မတ်လ ၁၀ ရက်နေ့ နံနက် အစောပိုင်း ၁ နာရီ ၃၀ မိနစ်ခန့်တွင် မိတ္ထီလာ လေတပ်မှ တက်လာသော အကြမ်းဖက် စစ်တပ်၏ စက်တပ် လေထီး ၁ စီးသည် သံဘိုရွာ အရှေ့မြောက်ဘက် တောရိုးအနီးကို ဗုံးသီး ၂ လုံး ကျဲချ တိုက်ခိုက်ခဲ့ပြီး စက်လက်များဖြင့်ပါ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှုရှိမရှိနှင့် ပျက်စီးမှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
အလားတူ မတ် ၉ ရက်နေ့ နံနက်ပိုင်း ၁ နာရီကျော်အချိန် ရခိုင်ပြည်၊ ဂွမြို့နယ်၊ ဘဝင်ရွာကို စစ်တပ်က တိုက် လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် အိပ်ပျော်နေသည့် မိသားစုများထဲမှ ဖခင်ဖြစ်သူမှာ သေဆုံးခဲ့ပြီး သမီးဖြစ်သူနှင့် သားဖြစ်သူတို ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။
ဂွဒေသခံတစ်ဦးက “ကျွန်တော် ခန့်မှန်းသလောက်ဆိုရင် ၁ နာရီ ၄၅ လောက်ရှိမယ်။ တစ်ကြိမ်လာကြဲတယ်။ နောက်တစ်ကြိမ်ကတော့ ၂နာရီ ဝန်းကျင်လောက်ရှိတယ်။ သူတိုက ဒုတိယအကြိမ်မှာ ကျတာ၊ အကုန် အိပ်မောကျနေတဲ့အချိန် လာချတာပါ။ အဖေဖြစ်သူ သေဆုံးတယ်။ သားသမီးနှစ်ယောက် ဒဏ်ရာရတယ် “ဟုပြောသည်။
ဗုံးကြဲမှုကြောင့် သေဆုံးသွားသူမှာ ဘဝင်ရွာက အသက် ၆၀ အရွယ်ရှိ ဦးထွန်းအောင်သိန်းနှင့် ဒဏ်ရာရရှိသူမှာ အသက် ၂၆ နှစ်အရွယ် ၎င်း၏ သမီးဖြစ်သူ မမေသဇင်နှင့် သားဖြစ်သူ အသက် ၁၂နှစ်ရွယ် မောင်ဖြိုးဝေစိုး တို့ ဖြစ်ကြသည်။
ပြင်းထန်ဒဏ်ရာရရှိသူနှစ်ဦးမှာ အရေးပေါ် ဆေးကုသခံမှု ခံယူနေပြီး လူနာ နှစ်ဦးလုံး စိုးရိမ်ရကြောင်း ဂွမြိုနယ် ကူညီဆယ်ရေး လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် မတ်လ ၆ ရက် နေ့လယ်က စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျောက်ဖြူမြိုနယ်က ဦးကင်းနှင့် ကြတ္တိန်ကျေးရွာက နေအိမ် စုစုပေါင်း ၂၀၀ ကျော် မီးလောင်ပြာကျခဲ့ရသည်။
ထိုအပြင် မတ်လ ၆ ရက် နံနက်ပိုင်းတွင် စစ်တွေမြိုနယ် ဝါကျေးရွာကိုလည်း စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့၍ နေအိမ် ၃၅ ဆောင်မီးလောင် ပျက်စီးသွားခဲ့ရသည်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်မှ ၂၀၂၅ ဖေဖော်ဝါရီလ ၂၁ ရက်နေ့အထိ အာဏာသိမ်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ရခိုင်ပြည်မှာ ၂ လအတွင်း စစ်သုံပန်းများအပါအဝင် အရပ်သား စုစုပေါင်း ၉၈ ဦးအထိ သေဆုံးခဲ့ရပြီး ဒဏ်ရာရရှိသူ ၁၁၇ ဦးထက်မနည်းရှိသည်။
စစ်ကောင်စီ လေကြောင်းဗုံးကျဲတိုက်ခိုက်မှုကြောင့် ဇန်နဝါရီလတွင် ရခိုင်ပြည်အတွင်း အရပ်သားပြည်သူ ၉၂ ဦးသေဆုံးခဲ့ရပြီး ၉၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို ဖေဖော်ဝါရီလတွင် အရပ်သား ၆ ဦးသေဆုံးခဲ့ကြောင်းနှင့် ၂၁ ဦး ထိခိုက်ဒဏ်ရာရရှိသွားသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar


