ကနီမြို့နယ်တွင် စစ်တပ်က လေယာဉ်ဖြင့် ဗုံးများကျဲချမှု ပြည်သူ ၁ ဦးသေဆုံးပြီး ဆက်တိုက် ဗုံးကျဲနေ
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က လေယာဉ်ဖြင့် ဗုံးများကျဲချခဲ့သဖြင့် ပြည်သူ ၁ ဦးသေဆုံးပြီး လက်ရှိအချိန်တွင်လည်း လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်လျက်ရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ မတ်လ ၁၀ ရက်နေ့ မွန်းလွဲ ၂ နာရီကျော်အချိန် စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် တောင်ခြမ်းရှိ နတ်ကြီးရွာနှင့် မုဌောအရှေ့ရွာသို့ တိုက်လေယာဉ်ဖြင့် ဗုံး ၅ လုံးကျဲချခဲ့ကြောင်း၊ ဗုံးဖြင့် တိုက်ခိုက်ကျဲချမှုကြောင့် ကား ၁ စီး မီးလောင်ပြီး ပြည်သူ ၁ဦးသေဆုံးသွားကြောင်း သိရှိရသည်။
“ဗုံးကျဲတာက မုဌောဘက်အခြမ်း မြစ်ကမ်း ဘေးမှာ ဗုံး ၁ လုံး၊ နတ်ကြီးဘက်အခြမ်း မြစ်ကမ်း ဘေးမှာ ဗုံး ၄လုံး စုစုပေါင်း ဗုံး ၅လုံး ကျဲချသွားတာ။ မုဌောဘက်ခြမ်းကတော့ နွားတစ်ကာင် သေတယ်။ နတ်ကြီးဘက်အခြမ်းကတော့ ကား ၁ စီးမီး လောင်ပြီး ပြည်သူ ၁ ဦး သေဆုံးတယ်။ နောက်ပြည်သူ ၁ ဦးလည်းဒဏ်ရာရတယ်။ မြေပြင်မှာတော့ ဘာတိုက်ပွဲမှမရှိဘူး။ ဒီနေရာတွေက အရင်လတုန်းကလည်း အခုလိုဗုံးကျဲချ သေးတယ်။ ဗုံးကျဲတဲ့နေရတွေက ဟိုဘက်ကမ်း ဒီဘက်ကမ်း အသွားအလာလုပ်ကြတဲ့ သာမာန်ကူးတို့ဆိပ်ပါ” ဟု နတ်ကြီးကျေးရွာသားတစ်ဦးက ပြောဆိုသည်။
အကြမ်းဖက်စစ်ကောင်စီတပ်က ကနီမြို့နယ်အတွင်းတွင် မြေပြင်စစ်ကြောင်းထိုးမှုများ ပြုလုပ်ခြင်းမရှိတော့ဘဲ လေကြောင်းတိုက်ခိုက်မှုများကို ဆက်တိုက်လုပ်ဆောင်လျက်ရှိကြောင်း၊ မကြာသေးမီကလည်း ချောင်းမရွာတွင်စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၅ ဦးထက်မနည်းသေဆုံးခဲ့ရပြီး ကျောက် လှေကားရွာတွင်လည်း ပြည်သူ ၅ ဦး သေဆုံးခဲ့ရကြောင်း သိရှိရသည်။
” အခုနောက်တစ်ကြိမ် လေကြောင်း တိုက်ခိုက်ပြီး ချင်းတွင်းမြစ်ပေါ်မှာ ပျံဝဲနေတယ်။ ဘယ်နားကို ထပ်ကျဲသွားတယ်ဆိုတာ မသိရသေးဘူး” ဟု ကနီမြို့နယ် သတင်းနှင့် ပြန်ကြားရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။


