ပုလောမြို့ အခြေစိုက် ခလရ ၂၈၅ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၂ ဦး တိုက်ပွဲအတွင်းမှ ထွက်ပြေးလာပြီး PDF တပ်ဖွဲ့ထံ အလင်းဝင်
တနင်္သာရီတိုင်း၊ ပုလောမြို့ အခြေစိုက် ခလရ ၂၈၅ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၂ ဦး တိုက်ပွဲအတွင်းမှ ထွက်ပြေးလာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ပုလောမြို့ အခြေအစိုက် ခလရ ၂၈၅ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၂ ဦး သည် သိန်ခွန်းရွာတိုက်ပွဲမှ ထွက်ပြေးလာပြီး တနင်္သာရီမြို့နယ် ပကဖ ထံ ဆက်သွယ်၍ အလင်းဝင်ရောက် လာခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ စစ်မှုထမ်း တပ်သားသစ် ၁ ဦးသည် သာပေါင်းမြို့နယ်၊ ကွင်းကောက်မြို့တွင် စစ်သင်တန်း တက်ရောက်ခဲ့ပြီး ကျန် ၁ ဦးသည် ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်တွင် စစ်သင်တန်း တက်ရောက်ခဲ့ကြောင်း၊ ၂ ဦးလုံးသည် စစ်မှုထမ်း အပတ်စဉ် ၁ သင်တန်းဆင်းများဖြစ်ပြီး စစ်သင်တန်းပြီးဆုံးချိန်တွင် ပုလောမြို့ အခြေစိုက် ခလရ ၂၈၅ တပ်ရင်းသို့ ပို့ဆောင်ခံရခြင်းးဖြစ်ကြောင်း သိရသည်။
“အလင်းဝင်ရောက်လာတဲ့ စစ်မှုထမ်းတပ်သားသစ် ၂ ဦးက လက်နက်မပါဘူး။ တစ်ဦးကတော့ ရှမ်းပြည်နယ်က နောက်တစ်ဦးကတော့ ဟင်္သာတကပါ။ ဂုဏ်ပြုဆုငွေကတော့ ချီးမြှင့်တာ မရှိဘူး။ ရှမ်းပြည်နယ်တစ်ဦးက မဲပေါက်ပြီး စစ်ထဲရောက်လာတာ ဟင်္သာတက တစ်ဦးကတော့ အလုပ်က ပြန်လာတဲ့အချိန် ပေါ်တာဆွဲ ဖမ်းဆီးခံရတာ သူတို့ ၂ ဦးလုံး သင်တန်းဆင်းတာနဲ့ ပုလောမြို့အခြေစိုက် ၂၈၅ တပ်ရင်းကို တစ်ခါတည်း ပို့တယ်လို့ ပြောတယ်” ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
အဆိုပါ အလင်းဝင်လာသော စစ်မှုထမ်း တပ်သားသစ် ၁ ဦးသည် တော်လှန်ရေး တပ်ဖွဲ့များနှင့် ပူးပေါင်း၍ အကြမ်းဖက် စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်သွားမည်ဖြစ်ပြီး လက်ရှိချိန်တွင် ၂ ဦးလုံးကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း သိရသည်။
