အုတ်ဖိုတွင် လူငယ်များကို စစ်တပ်ခေါ်၍ ပေါ်တာဆွဲ ဖမ်းဆီးခိုင်းနေသော စစ်တပ် ဒေါက်တိုင် အေးလွင် ပစ်ခတ်ခံရပြီး သေဆုံး
ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် လူငယ်များကို အကြမ်းဖက် စစ်တပ်ခေါ်၍ ပေါ်တာဆွဲ ဖမ်းဆီးခိုင်းနေသော စစ်တပ် ဒေါက်တိုင် အေးလွင် ကို ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၁၁ ရက်နေ့ နံနက် ၉ နာရီခန့်တွင် အုတ်ဖိုမြို့နယ်၊ ချောင်းခွ (ကေ) ရွာတွင် နေထိုင်သော အကြမ်းဖက် စစ်တပ် ဒေါက်တိုင် အေးလွင် သည် ခမရ ၆ တပ်ရင်းကို သတင်းပေးပို့ပြီး ပြန်လာစဉ် ချောင်းခွ (ကေ) ရွာထိပ်တွင် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့ အုတ်ဖို မှ ရဲဘော်များက ပစ်ခတ် တိုက်ခိုက်ခဲ့ရာ သေနတ်ကျည် ၁ ချက် ဦးခေါင်ကို ထိမှန်ပြီးသေဆုံးခဲ့ကြောင်း သိရသည်။
သေဆုံးသွားသော စစ်တပ်ဒေါက်တိုင် အေးလွင် ထံမှ လွယ်အိတ် ၁ လုံး ၊ အကြမ်းဖက် စစ်တပ်မှ စစ်ဗိုလ် ၁ ဦး၏ လက်မှတ်ပါသော ထောက်ခံစာ ၃ ရွက် နှင့် ငွေသား ၃၆၀၀၀ ကျပ်ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။
အေးလွင်သည် တော်လှန်ရေး ရဲဘော်များ၏ အချက်အလက်များကို စုံစမ်းထောက်လှမ်း၍ စစ်တပ်ထံ သတင်းပို့ခြင်း၊ လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးနေသော စစ်သားနှင့် ရဲများကို တိုက်ခိုက်ရန် ထောင်ထားသည့် မိုင်းကွင်းများကို စစ်တပ်ထံ သတင်းပေး ပြသခြင်း၊ လူငယ်များကို စစ်တပ်ခေါ်၍ ပေါ်တာဆွဲ ဖမ်းဆီးခိုင်းခြင်းများကြောင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အေးလွင်ရဲ့ သားနဲ့ သားမက်ကလည်း စစ်ခွေးတွေပဲ ရွာတွေထဲဝင်ပြီး ပေါ်တာဆွဲနေတဲ့ စစ်ခွေး၊ ရဲခွေးတွေကို တိုက်ခိုက်ဖို့ထောင်ထားတဲ့ မိုင်းတွေကိုလည်း သူက စစ်ခွေးတွေဆီ သတင်းပေးတာကြောင့် ခွေးတွေက မိုင်းကွင်းတွေကို ရှောင်ရှားသွားလာနေလို့ မသင်္ကာလို့ စောင့်ကြည့်မှ သူ သတင်းပေးနေတာ အတည်ပြုနိုင်တာ နောက်ပြီး ရွာတွေဘက်မှာ လူငယ်တွေကို ပေါ်တာဆွဲရင်လည်း ဘယ်အိမ်မှာ ဘယ်သူရှိတယ်ဆိုပြီး လက်ညိုးထိုးပြပြီး ဖမ်းခိုင်းတာ ကျွန်တော်တို့အနေနဲ့ ရွာတွေထဲဝင်ပြီး ပေါ်တာဆွဲနေတဲ့ စစ်ခွေး၊ ရဲခွေးတွေကို မိုင်းဆွဲတိုက်ခိုက်ခြင်းအပြင် တခြားနည်းလမ်းတွေနဲ့ တိုက်ခိုက်ဖို့ရှိတာကြောင့် ပြည်သူတွေအနေနဲ့ စစ်ခွေးတွေနဲ့ ဝေးဝေးနေကြဖို့လည်း အသိပေးလိုပါတယ်” ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့ အုတ်ဖိုမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့ အုတ်ဖို တပ်ဖွဲ့အနေဖြင့် ပြည်သူများနှင့် တော်လှန်ရေးတပ်ဖွဲ့များကို ဒုက္ခပေးနေသော အကြမ်းဖက် စစ်တပ်နှင့် ၎င်းတို့၏ ဒေါက်တိုင်များကို ဆက်လက် တိုက်ခိုက်သွားမည်ဖြစ်၍ ပြည်သူများအနေဖြင့် ၄င်းတို့အနီး သွားလာနေထိုင်ခြင်းများ မပြုလုပ်ကြရန် အသိပေး ပြောဆိုထားသည်။
