ရန်ကုန်၊ မတ် ၁၃
စစ်ကိုင်းတိုင်း၊ တမူး-ကဘော်ချိုင့်ဝှမ်းဒေသကို အိန္ဒိယအပိုင်သဘောမျိုးပြောဆိုခဲ့သော မဏိပူရ ပြည်နယ်လွှတ်တော်အမတ် ၁ ဦး၏ ပြောဆိုချက်အပေါ် အကြမ်းဖက်စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက မြန်မာနိုင်ငံနှင့်အိန္ဒိယနိုင်ငံတို့သည် မိတ်ဆွေကောင်းနိုင်ငံများဖြစ်ကြောင်း၊ အိန္ဒိယ Act East Policy နှင့်ပတ်သက်ပြီး မြန်မာနိုင်ငံက ပူးပေါင်းဆောင်ရွက်နေကြောင်း၊ မြန်မာ့နယ်မြေကို အသုံးပြု၍ အိန္ဒိယအစိုးရကို ဆန့်ကျင်နေသော အုပ်စုများကို လက်ခံထားခြင်းမရှိကြောင်း တုံ့ပြန်ပြောဆိုသည်။
” ဒီကဘော်ချိုင့်ဝှမ်းဒေသနဲ့ပတ်သက်ပြီး ပြောရမယ်ဆိုလို့ရှိရင် ယခင်တုန်းကလည်း ၂၀၁၃ တုန်းကလည်း အိန္ဒိယရဲ့ အတိုက်အခံပါတီတစ်ခုဖြစ်တဲ့ BJP ပါတီက တမူး-ကလေး-မင်းကင်းမြို့နယ်တွေပါဝင်တဲ့ ကဘော်ချိုင့်ဝှမ်းဒေသကို ပြန်ယူပေးမယ်ဆိုပြီး မဲဆွယ်တာမျိုးရှိခဲ့တယ်။ ဒါတွေကိုလည်း ကလေးမြို့မှာကော၊ မင်းကင်းမြို့မှာကော ဒေသခံတွေက ဆန္ဒပြကန့်ကွက်ခဲ့တာမျိုးတွေ ရှိပါတယ်။ ဒါကြောင့် ကျွန်တော့်အနေနဲ့ ပြောကြားချင်တာကတော့ မြန်မာနိုင်ငံအနေနဲ့ အိန္ဒိယနိုင်ငံအတွက် အိမ်နီးချင်းကောင်း မိတ်ဆွေကောင်းအဖြစ် အမြဲရပ်တည်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံမှာရှိတဲ့ အချို့သောနိုင်ငံရေးသမားတွေအနေနဲ့ မိမိရဲ့နိုင်ငံရေး လိုဘတစ်ခုတည်းကိုကြည့်ပြီး နှစ်နိုင်ငံဆက်ဆံရေးကို ပျက်ပြားအောင်မလုပ်သင့်ဘူးဆိုတာ ပြောကြားလိုပါတယ်။ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာနယ်မြေပိုင်ဆိုင်မှုကို လေးစားသင့်တယ်လို့ ပြောကြားလိုပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံအနေနဲ့ အသိပေးသင့်တာတွေ၊ ပြောဆိုသင့်တာတွေကို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ကြောင်း ပြောကြားလိုပါတယ်” ဟု အကြမ်းဖက် ဇော်မင်းထွန်းက ပြောဆိုသည်။
အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် လွှတ်တော်အမတ် K. Vanlalvena က အိန္ဒိယနှင့်နယ်စပ်ချင်း ထိစပ်နေသည့် မြန် မာနိုင်ငံအနောက်မြောက်ဘက် နေရာဒေသများသို့ သွားရောက်ခဲ့ခြင်း၊ CNF၊ CNA ချင်းPDF အဖွဲ့များနှင့် တွေ့ဆုံခဲ့ကြောင်း၊ ထို့ပြင် တမူး-ကဘော်ချိုင့်ဝှမ်းဒေသနှင့်ပတ်သက်ပြီး အိန္ဒိယအထက်လွှတ်တော်အစည်းအဝေးတွင် မဏိပူရပြည်နယ် ပါလီမန်လွှတ်တော်အမတ်တစ်ဦးက ယခင်သမိုင်းကြောင်းအရ အိန္ဒိယက ပိုင်သည်ဆိုသော သဘောမျိုးပြောကြားခဲ့သည်ကို စစ်ကောင်စီက သိရှိထားကြောင်း ဇော်မင်းထွန်းက ပြောဆိုထားသည်။
၁၈၃၄ ခုနှစ် ကဘော်ချိုင့်ဝှမ်းသဘောတူညီမှုနှင့် ၁၈၂၆ ခုနှစ် အင်္ဂလိပ်-မြန်မာ ပထမစစ်ပြေငြိမ်း ရန္တပိုစာ ချုပ်များအရ သတ်မှတ်ထားသည့်လျော်ကြေးကို မြန်မာနိုင်ငံမှဆက်လက်ပေးချေရန်(သို့မဟုတ်)ကဘော် ချိုင့်ဝှမ်းဒေသကိုပြန်လည်သိမ်းယူပြီး မဏိပူရပြည်နယ်အတွင်းထည့်သွင်းရမည်ဖြစ်ကြောင်း မဏိပူရပြည်နယ် လွှတ်တော်ကိုယ်စားလှယ်က တောင်းဆိုခဲ့ခြင်းဖြစ်သည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
