ရန်ကုန်၊ မတ် ၁၃
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ကျေးရွာများကို ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်နေခြင်းကြောင့် နေအိမ်များပျက်စီးခဲ့ကြောင်း Voice Of Mandalay မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၁၁ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က မတ္တရာမြို့နယ် အတွင်းရှိ မြိုစိုးကုန်းရွာ၊ ဘိုလ်ကုန်းရွာ၊ မြောင်းသစ်ကုန်းရွာနှင့် ကျောက်တံတားရွာ အနီးတစ်ဝိုက်ကို အကြမ်းဖက် စစ်တပ်က လေယာဉ်များဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုဗုံးကျဲ တိုက်ခိုက်မှု အတွင်း ကျောက်တံတား ကျေးရွာနှင့် ဘိုကုန်းကျေးရွာမှ ပြည်သူပိုင် နေအိမ် အမြောက်အမြားပျက်စီးခဲ့ပြီး ကျေးရွာနေပြည်သူများလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရသောကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။
ယနေ့ မတ်လ ၁၃ ရက်နေ့ နံနက် ၆ နာရီခန့်တွင်လည်း မတ္တရာမြို့နယ်ရှိ ထန်းပင်ကုန်းကျေးရွာအနီးတစ်ဝိုက်ကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့ကြောင်း၊ နံနက် ၇ နာရီ ၄၀ မိနစ်ခန့်တွင်လည်း ဂျက်ဖိုက်တာ ၁ စီးဖြင့် လေကြောင်း တိုက်ခိုက်မှု ပြုလုပ်လုပ်ခဲ့ကြောင်း သိရသည်။
“လေယာဉ်တွေကတော့ ဆက်တိုက်ကို ဗုံးကျဲ တိုက်ခိုက်နေတာပဲ ပြည်သူတွေ ထိခိုက်မှု ရှိမရှိကိုတော့ အတည်မပြုနိုင်သေးဘူး။ နေ့စဉ်နီးပါး လေကြောင်း တိုက်ခိုက်မှုတွေ လက်နက်ကြီးပစ်ခတ်မှုတွေက ရှိနေပါတယ်။ ပြည်သူတွေလည်း တိမ်းရှောင်နေရပါတယ်” ဟု Voice Of Mandalay မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အလားတူ စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်ရှိ ဇင်ကလဲရွာကိုလည်း အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရဟတ်ယာဉ်ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း မုံရွာခရိုင် အမှတ် ၃ တပ်ရင်း တပ်ခွဲ၂ Mahauurar Dragon PDF က ပြောဆိုသည်။
ယနေ့ မတ်လ ၁၃ ရက်နေ့တွင် မင်းကင်းမြို့နယ်၊ ဇင်ကလဲရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရဟတ်ယာဉ်ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူများ ထိခိုက်မှု ရှိမရှိကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
ထို့ပြင် စစ်ကိုင်းတိုင်း ရေဦးမြို့နယ်ကိုလည်း အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောဆိုသည်။
မတ်လ ၁၁ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်ခန့်တွင် ရေဦးမြို့နယ်၊ အောင်သုခကျေးရွာ ဘုန်းတော်ကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူများ ထိခိုက်မှုမရှိသော်လည်း ဘုန်းကြီးကျောင်း အဆောက်အဦးများ ထိခိုက်ပျက်စီးမှုရှိကြောင်း သိရသည်။
ဓာတ်ပုံ – စစ်ကိုင်းတိုင်း အတွင်း အကြမ်းဖက် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော ပြည်သူပိုင် နေအိမ် ၁ လုံး (ပုံအဟောင်းဖြစ်သည်)
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
