28 C
Yangon

PJ နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသော ပြည်ပထွက်ခွာမည့် အလုပ်သမားများအားလုံး ယနေ့မှစတင်၍ စစ်ကောင်စီ၏ ခွင့်ပြုချက် မရှိဘဲ ပြည်ပထွက်ခွင့်မရှိတော့၊ ပြည်ထွက်ခွင့် စိစစ်ရန် ၅ ရက်ကြိုတင် လျှောက်ထားရမည်

Must read

ရန်ကုန်၊ မတ် ၁၇

မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ PJ အလုပ်အကိုင်နိုင်ငံကူးလက်မှတ်ဖြင့် ထွက်ခွာမည့် အလုပ်သမားများ အားလုံးသည် ယနေ့ မတ်လ ၁၇ ရက်နေ့မှစတင်၍ စစ်ကောင်စီ၏ ခွင့်ပြုချက်မရှိဘဲ ပြည်ပနိုင်ငံများသို့ ထွက်ခွာခွင့်မရှိတော့ကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၁၀ ရက်နေ့တွင် စစ်ကောင်စီက PJ နိုင်ငံကူးလက်မှတ်ဖြင့် ပြည်ပသို့ ထွက်ခွာမည့် အလုပ်သမားများ အား လုံးသည် အလုပ်သမားဝန်ကြီးဌာနထံသို့ အနည်းဆုံး ၅ ရက်ကြိုတင်၍ ခွင့်ပြုချက်တောင်းရမည်ဟု အမိန့် ထုတ်ပြန်ခဲ့ပြီးနောက် အဆိုပါအမိန့်မှာ ယနေ့ မတ်လ ၁၇ ရက်နေ့တွင် စတင် အသက်ဝင်လာကြောင်း သိရှိရသည်။

” အလုပ်သမားတွေမှာ OWIC ၊ နိုင်ငံကူးလက်မှတ်၊ လေယာဉ်လက်မှတ် ရှိရုံနဲ့တော့ ပြည်ပထွက်လို့မရတော့ဘူး။ အလုပ်သမားဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်ကို မဖြစ်မနေ တောင်းရမယ်။ ခွင့်ပြုချက် ရမှ သွားရမယ်။ ခွင့်ပြုချက် မရရင် လေဆိပ်မှာ ပေးမသွားဘူး” ဟု ပြည်ပအလုပ်အကိုင်အေဂျင်စီပိုင်ရှင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စစ်ကောင်စီ၏ အလုပ်သမားဝန်ကြီးဌာနက ပြည်ပသို့ နေ့စဉ် ထွက်ခွာခွင့်ပြုသည့် အလုပ်သမားများစာရင်းကို ရန်ကုန်နှင့် မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်များသို့ ပေးပို့မည်ဖြစ်ကြောင်း၊ အလုပ်သမားဝန်ကြီးဌာနက လေဆိပ်သို့ ပေးပို့သည့် ခွင့်ပြုချက်စာရင်းတွင် မပါဝင်သူများအနေဖြင့်လည်း ပြည်ပသို့ ထွက်ခွာခွင့် ရရှိမည် မဟုတ်ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်ကောင်စီ၏ အလုပ်သမားဝန်ကြီးဌာနက အလုပ်သမားများကို ပြည်ပထွက်ခွင့်ပြုရာတွင် တစ်နေ့လျှင် အလုပ် သမားဦးရေ ၁၂၀ ဝန်းကျင်သာ ခွင့်ပြုမည်ဖြစ်သည်ဟု သိရှိထားကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီအသိုင်းအ၀ိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

“ကျနော်တို့ သိထားတာကတော့ အလုပ်သမားဝန်ကြီးဌာနက ပြည်ပကို ထွက်ခွာခွင့် ပြုမယ့် အလုပ်သမား အရေအတွက် တစ်နေ့ကို ၁၀၀ နဲ့ ၁၂၀ ကြားပဲ ခွင့်ပြုမယ်လို့ သိထားပါတယ်။ အလုပ်သမားတွေ ပြည်ပကို ထွက်ခွာတာ အရမ်းများနေလို့ စိစစ်တာလို့ သိရပါတယ်” ဟု ပြည်ပအလုပ်အကိုင်အေဂျင်စီပိုင်ရှင်က ရှင်းလင်းပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ချစ်ဆွေကို အလုပ်သမားဝန်ကြီးအဖြစ် ဇန်နဝါရီလ ၃၁ ရက်နေ့ တွင် ပြောင်းလဲ ခန့်အပ်ပြီးနောက် ပြည်ပသို့ သွားရောက် အလုပ်လုပ်ရန် ယင်းကဲ့သို့ တင်းကျပ်သော စည်းမျဉ်းစည်းကမ်းများကို စစ်ကောင်စီက ချမှတ်လာခြင်းဖြစ်သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article