ပုသိမ် ရဲစခန်းအတွင်းသို့ အမျိုးသား ၁ ဦးက ကတ်ကြေးဖြင့် ဝင်ရောက် တိုက်ခိုက် မှု စခန်းမှူး ကျော်ဇေလတ်နှင့်ရဲ ၃ ဦး ထိခိုက်ဒဏ်ရာရ၊ တိုက်ခိုက်သူကို ပစ်ခတ်ဖမ်းဆီးသဖြင့် ဒဏ်ရာရရှိကာ အသက်အန္တရာယ်စိုးရိမ်ရ
ရန်ကုန်၊ မတ် ၁၈
ဧရာဝတီတိုင်း၊ ပုသိမ်မြို့ မြို့မ ရဲစခန်းအတွင်းသို့ အမျိုးသား ၁ ဦးက ကတ်ကြေး ၂ လက် ကိုင်ဆောင်ပြီး ဝင်ရောက် တိုက် ခိုက်ခြင်းကြောင့် ရဲစခန်းမှူး ကျော်ဇေလတ် အပါအဝင် ရဲ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ယင်းဖြစ်စဉ်ကို သိရှိထားသော ဒေသ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၁၆ ရက်နေ့ နံနက် ၆ နာရီခန့်အချိန် ပုသိမ်မြို့ မြို့မရဲစခန်းအတွင်းသို့ အမျိုးသား ၁ ဦးက ကတ်ကြေး ၂ လက် ကိုင်ဆောင်ပြီး ရဲစခန်းဝင်း အတွင်းသို့ ဝင်ရောက်ကာ စခန်း၌ ရှိနေသည့် ရဲတပ်သား၊ ရဲမေ များ အပါအဝင် တွေ့မြင် သူတိုင်းကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
ယင်းတိုက်ခိုက်မှု အတွင်း ရဲစခန်းမှူး ကျော်ဇေလတ် အပါအဝင် ရဲ ၄ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများက အဆိုပါ အမျိုးသားကို သေနတ်ဖြင့် ပစ်ခတ် ဖမ်းဆီးခဲ့ခြင်းကြောင့် ခြေထောက်တွင် ကျည်ထိမှန်ပြီး ဖမ်းဆီးခံခဲ့ရကြောင်း၊ ထို အမျိုးသား၏ နေရပ်လိပ်စာနှင့် အမည်ကို မသိရှိရသေးသော်လည်း ငပုတောမြို့နယ်တွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။
“ပုသိမ်မြို့ မြို့မရဲစခန်းကို ကတ်ကြေး ၂ လက် ကိုင်ဆောင်ပြီး ပြည်သူ ၁ ဦးက ဝင်ရောက် တိုက်တာလို့ သိရတယ်။ သတင်းကို ရဲခွေးတွေက ဖုံးထားလို့ အခုမှ သိရတာ သူက ရဲစခန်းဝင်းအတွင်းက တွေ့တဲ့သူတိုင်းကို ကတ်ကြေးနဲ့ လိုက်ထိုးတာလို့ သိရတယ်။ စခန်းမှူး ကျော်ဇေလတ် အပါအဝင် ရဲ ၄ ကောင် ဒဏ်ရာရရှိတယ်။ တိုက်ခိုက်ခဲ့တဲ့ ပြည်သူကတော့ မလွတ်မြောက်ဘူး။ ရဲတွေ ကပစ်ခတ် ဖမ်းဆီးလို့ ပေါင်ကို သေနတ်ကျည် ထိမှန်ပြီး ဖမ်းဆီးခံခဲ့ရတယ် ” ဟု ပုသိမ်အခြေစိုက် သတင်းရင်းမြစ်က ပြောဆိုသည်။
လက်ရှိတွင် ရဲစခန်းအတွင်းသို့ ဝင်ရောက်တိုက်ခိုက်ခဲ့သူကို ရဲများက ပစ်ခတ်၀ိုင်းဝန်းရိုက်နှက်ထားသဖြင့် ရရှိထားသည့် ရိုက်နှက်ဒဏ်ရာ၊ သေနတ်ဒဏ်ရာများဖြင့် အသက်အန္တရာယ်စိုးရိမ်နေရကြောင်း သိရှိရသည်။
ဓာတ်ပုံ- ပုသိမ်မြို့နယ်တွင် စစ်ဆေးမှုများ လုပ်ဆောင်နေသော အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ရဲများ။ (ပုံအဟောင်းဖြစ်ပါသည်။)
