29 C
Yangon

နိုင်ငံတစ်ဝန်းတွင် စစ်ပြေး၊ ရဲပြေး၊ CDM ဝန်ထမ်းနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို National Database စနစ်ဖြင့် ဖော်ထုတ်ဖမ်းဆီးနေ

Must read

နိုင်ငံတစ်ဝန်းတွင် စစ်ပြေး၊ ရဲပြေး၊ CDM ဝန်ထမ်းနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို National Database စနစ်ဖြင့် ဖော်ထုတ်ဖမ်းဆီးနေ

ရန်ကုန်၊ မတ် ၁၈

အကြမ်းဖက် စစ်ကောင်စီက နိုင်ငံတစ်ဝန်းတွင် စစ်ပြေး၊ ရဲပြေး၊ CDM ဝန်ထမ်းနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို မှတ်ပုံတင် e-ID စစ်ဆေးပြီး National Database စနစ်အတွင်းသို့ ဝင်ရောက် စိစစ်သည့်စနစ်ဖြင့် ဖော်ထုတ်ဖမ်းဆီးနေကြောင်း နေပြည်တော် တပ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

နိုင်ငံတစ်ဝန်းမှ စစ်ပြေး၊ ရဲပြေး၊ CDM ဝန်ထမ်းများနှင့် လွတ်မြောက်နေသော နိုင်ငံရေးတက်ကြွလှုပ်ရှားသူ များ၏ မှတ်တမ်းများကို ကွန်ပျူတာစနစ် National Databaseတွင် အသေးစိတ် စိစစ်မှတ်ပုံတင် စာရင်းသွင်းထားကြောင်း၊ အဆိုပါ National Database ကွန်ပျူတာမှတ်တမ်းတင်စနစ်ထဲသို့ လ၀ကနှင့် စစ်တပ်အရာရှိများက အချိန်မရွေးဝင်ရောက်ကြည့်ရှုနိုင်ပြီး မသင်္ကာသူများကိုလည်း ကိုယ်ရေးအချက်အလက်များ တိုက်ဆိုင်စစ်ဆေးနိုင်ကြောင်း သိရှိရသည်။

“ဂိတ်တွေ၊ လမ်းခရီးတွေမှာ တစ်နိုင်ငံလုံး ချိတ်ဆက်ထားတဲ့ National Database ကွန်ပျူတာစနစ်အတွင်းသို့ ဝင်ပြီးတော့ လူတစ်ဦးချင်းစီအလိုက် PSMS (Person Scrutinization and Monitoring System) နဲ့ စစ်လို့ရနေပြီ။ အဲဒီစနစ်မှာ စစ်ပြေး၊ ရဲပြေး၊ CDM ဝန်ထမ်းတွေနဲ့ နိုင်ငံရေးပြစ်မှု မှတ်တမ်းရှိသူတွေအားလုံးကို မှတ်ပုံတင်ထားတယ်” ဟု နေပြည်တော် တပ်သတင်းရင်းမြစ်က ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက National Database ကွန်ပျူတာစနစ်အတွင်းသို့ ဝင်ရောက်ပြီး လူတစ်ဦးချင်းစီအလိုက် PSMS (Person Scrutinization and Monitoring System) စနစ်ဖြင့် ချိတ်ဆက်စစ်ဆေးနိုင်သော ဂိတ်များကို အမှတ် ၃ လမ်းဆုံတွင်လည်းကောင်း၊ ရန်ကုန်-မန္တလေး အမြန်လမ်း ၂၆ မိုင်၊ လှည်းကူး-ပဲခူး အစပ် မင်းလွယ်ကုန်းဂိတ်၊ ညောင်ခါးရှည်၊ ဘားအံဂိတ်၊ မြ၀တီနယ်စပ်ဂိတ်၊ တာချီလိတ်နယ်စပ်ဂိတ်၊ ကော့သောင်းနယ်စပ်ဂိတ် အပါအဝင် စစ်ဆေးနေကြောင်း သိရှိရသည်။

“မြ၀တီနယ်စပ်ဂိတ်မှာ မဲဆောက်ဘက်ကို ကူးကြတဲ့ CDM ဝန်ထမ်းတွေ တံတားကူးလက်မှတ် သွားလုပ်ရင်း အဖမ်းခံရတာတွေ အခုနောက်ပိုင်းများလာတယ်။ သူတို့က ကွန်ပျူတာစနစ်ထဲမှာ CDM ဝန်ထမ်းစာရင်းကို ထည့်ထားတာ။ အဲဒီတော့ စာရင်းပါနေတဲ့ လူက မလွတ်တော့ဘူး။ အဲဒါက သတိထားဖို့လိုနေတယ်” ဟု ထိုင်း-မြန်မာနယ်စပ် မြ၀တီမြို့ အခြေစိုက် တံတားကူးလက်မှတ်ဝန်ဆောင်မှုပေးသည့် အေဂျင်စီတစ်ခုက ဆိုသည်။

စစ်ကောင်စီက မြန်မာနိုင်ငံလူရှိ လူတိုင်းကို e-ID စနစ်ဖြင့် ကိုယ်ရေးအချက်အလက်များ (Biographic Data) ကောက်ယူပြီး Database အတွင်းထည့်သွင်းခြင်း၊ ဇီဝဆိုင်ရာ အချက်အလက်များ (Biometric Data) ကောက်ယူခြင်း၊ စိစစ်ခြင်းနှင့် Unique ID(UID) နံပါတ်ထုတ်ပေးခြင်းများကို ဆောင်ရွက်ခဲ့ပြီးနောက် ယခုအခါ ၎င်းတို့ အလိုရှိနေသူများကို ယင်းစနစ်ဖြင့် ခြေရာခံ လိုက်လံ ဖမ်းဆီးလာခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ကရင်ပြည်နယ်တွင် ပြည်သူများကို UID မှတ်ပုံတင်မှုများ စစ်ကောင်စီက လုပ်ဆောင်နေစဉ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article