ထိုင်းနိုင်ငံတွင် ဗီဇာနှင့်နေထိုင်ခွင့် သက်တမ်းတိုးရန် သံရုံးထောက်ခံစာ ယူလိုပါက မြန်မာနိုင်ငံမှ ရပ်ကွက်နှင့် ရဲစခန်းထောက်ခံစာ တင်ပြရမည်ဟု ချင်းမိုင်စစ်ကောင်စီကောင်စစ်ဝန်ရုံးက ကြေညာ
ထိုင်းနိုင်ငံရောက် CDM ဝန်ထမ်းများနှင့် နိုင်ငံရေးလှုပ်ရှားသူများကို ဦးတည် ပစ်မှတ်ထား ခက်ခဲစေရန် ရည်ရွယ်နေဟုဆို
ရန်ကုန်၊ မတ် ၁၈
ထိုင်းနိုင်ငံတွင်နေထိုင်ကြသည့် မြန်မာနိုင်ငံသားများအနေဖြင့် ဗီဇာနှင့်နေထိုင်ခွင့် သက်တမ်းတိုးရန် သံရုံးထောက် ခံစာ ယူလိုပါက မြန်မာနိုင်ငံမှ ရပ်ကွက်နှင့် ရဲစခန်းထောက်ခံစာ တင်ပြရမည်ဟု ချင်းမိုင်ရှိ စစ်ကောင်စီ ကောင်စစ် ဝန်ရုံးက ယနေ့ ကြေညာသည်။
ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဗီဇာနှင့် နေထိုင်ခွင့် သက်တမ်းတိုးကြမည့် မြန်မာများအနေဖြင့် သံရုံး၏ ထောက်ခံချက် ယူလိုပါက မိမိတို့နေထိုင်ရာ မြန်မာ နိုင်ငံမှ ရပ်ကွက်နှင့် ရဲစခန်း ထောက်ခံ စာ (မိတ္တူ)ကို ရယူရမည်ဖြစ်ကြောင်း၊ ထို့ပြင် ထိုင်းနိုင်ငံတွင် လက်ရှိ နေထိုင်သည့် လိပ်စာဖော်ပြထားသည့် TM 30 မူရင်း ကိုပါ တင်ပြမှသာလျှင် သံရုံးထောက်ခံချက် ထုတ်ပေးမည်ဖြစ်ကြောင်း သိရှိရသည်။
ချင်းမိုင်ရှိ စစ်ကောင်စီ ကောင်စစ်ဝန်ချုပ်ရုံး အနေဖြင့် ခရီးသွားဗီဇာနှင့် ဗီဇာ သက်တမ်းတိုး ထောက်ခံစာမှ အပ ကျန်ထောက်ခံစာများကို လုပ်ဆောင်ပေးမည်မဟုတ်ကြောင်း ဆက်လက် ကြေညာထားသည်။
“ ဘန်ကောက်မှာက ထိုင်းဘက်က လက်ခံတယ်ဆို ဘဏ်ဖွင့်တာတို့ ၊ ကားလိုင်စင်တို့အတွက် ထောက်ခံစာ ပေးတယ်ဗျ။ ကျန်တဲ့ နိုတြီကိစ္စ ဘာညာတော့ အတူတူပဲ။ ဒါပေမဲ့ မိတ္တူဘာညာဆိုလည်း ဘန်ကောက်ဆို အဖြူအမည်းလည်း ရတယ်။ သက်တမ်းတိုးလည်း ရပ်ကွက်နဲ့ ရဲ ထောက်ခံစာတွေ မလိုဘူး” ဟု ဘန်ကောက်ရှိ မြန်မာသံရုံးနှင့် နီးစပ်သူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
အကြမ်းဖက်စစ်တပ် လက်အောက်ခံ ချင်းမိုင် စစ်ကောင်စီဝန်ရုံးတွင် နိုတြီနှင့် သံရုံး၏ ထောက်ခံစာအမျိုးမျိုး လျှောက်ထားရာတွင် ထိုင်းနိုင်ငံတွင် ရေရှည်နေထိုင်ခွင့် ရရှိထားသော မြန်မာနိုင်ငံသားများကိုသာ လျှောက်ထားခွင့်ပြုကြောင်း၊ နိုတြီအတွက် ဘာသာပြန်စာရွက်မူရင်းအပြင် ကျန်သည့် စာရွက်စာတန်းများအားလုံးအတွက် မိတ္တူများကိုပါ ရောင်စုံဆေးသားဖြင့် တင်ပြရန် ကြေညာထားသည်။
ချင်းမိုင်ကောင်စစ်ဝန်ရုံးက သာမန်သံရုံးထောက်ခံစာများအတွက် ကြာချိန် ၃ ရက် သတ်မှတ်ထားပြီး နိုတြီလက်မှတ်အတွက်မူ ၁၄ ရက်အထိ ကြာနိုင်ကြောင်း ၊ အဆိုပါ ကန့်သတ်ချက်များကို ကန့်သတ်ချက်များကို မတ်လ ၁၉ ရက်နေ့မှ စတင် လုပ်ဆောင်သွားမည်ဟု အကြမ်းဖက်စစ်တပ် လက်အောက်ခံ ချင်းမိုင်ရှိ မြန်မာကောင်စစ်ဝန်ရုံးက ထုတ်ပြန်ကြေညာသည်။
“စစ်ကောင်စီက ပိုပြီးတော့ ကျပ်လာနေတာ။ နိုင်ငံခြားမှာ နေထိုင်ခွင့်နဲ့ ဗီဇာသက်တမ်းဖို့ ရန်ကုန်မှာရှိတဲ့ ရပ်ကွက်နဲ့ ရဲစခန်းထောက်ခံစာယူရမယ်ဆိုတော့ အဲဒါကတော့ နည်းလမ်းလည်း အတော်ကိုမမှန်ဘူး။ CDM ဝန်ထမ်းနဲ့ နိုင်ငံရေး လှုပ်ရှားသူတွေဆိုရင် ဘယ်လိုလုပ် ရပ်ကွက်နဲ့ ရဲစခန်းထောက်ခံစာ ယူလို့ရမလဲ။ တမင်ကို ရည်ရွယ်ချက်ရှိရှိ လုပ်တဲ့သဘောဖြစ်နေတယ်” ဟု ဘန်ကောက်တွင် နေထိုင်သော CDM အရာရှိတစ်ဦးက သုံးသပ်ပြောဆိုသည်။
