ရန်ကုန်၊ မတ် ၂၀
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်တွင် AA နှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲပြင်းထန်နေပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားကာ စစ်သားအလောင်းများကို အင်္ဂပူသို့ ပို့ဆောင် သဂြိုလ်နေကြောင်း စစ်ရေး သတင်းရင်းမြစ်နှင့်ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၁၇ ရက်နေ့မှ စတင်၍ လေးမျက်နှာမြို့နယ်၊ ဝတ်ကုန်းကျေးရွာအုပ်စုရှိ ဝတ်ကုန်းရွာ၊ လဲခုံလေးရွာ၊ လဲခုံကြီးရွာ၊ စက်စက်ယိုရွာ၊ ချင်းလယ်ရွာနှင့် စန်းကုန်းရွာတို့တွင် အကြမ်းဖက် စစ်တပ်နှင့် AA တို့ တိုက်ပွဲ ပြင်းပြင်း ထန်ထန်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ကျေးရွာများတွင် ထိတွေ့တိုက်ပွဲများ ယနေ့ချိန်ထိ ပြင်းထန်နေပြီး အကြမ်းဖက် စစ်တပ် ဘက်မှ ထိခိုက်သေဆုံးသူများပြားကာ သေဆုံးသူများကို အင်္ဂပူမြို့နယ်၊ ကွင်းကောက်ဒေသ ပုသိမ်-မုံရွာ လမ်းမကြီးဘေးရှိ အုတ်တွင်းကုန်းကျေးရွာ မီးသဂြိုလ်စက်သို့ ပို့ဆောင် သဂြိုလ်နေကြောင်း သိရှိရသည်။
လက်ရှိချိန်တွင် ထိတွေ့တိုက်ပွဲများကြောင်း ဝတ်ကုန်းကျေးရွာအုပ်စုမှ ဒေသပြည်သူများ အပါအဝင် အနီးအနားကျေးရွာများမှ ထောင်နှင့်ချီသော ပြည်သူမျာ ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။
“မတ် ၁၇ ရက်နေ့ လောက်တည်းက စပြီး လေးမျက်နှာမြို့နယ်မှာ တိုက်ပွဲက အတော်ပြင်းထန်တယ်လို့သိရတယ်။ ဝတ်ကုန်းကျေးရွာအုပ်စုထဲမှာ ဖြစ်နေတာ ဒီနေ့ထိလည်း တိုက်ပွဲက ပြင်းထန်နေတယ်။ လေယာဉ်ကလည်း ဗုံးကျဲနေတော့ ဝတ်ကုန်းအုပ်စုအတွင်းက ရွာတွေက စစ်ဘေး တိမ်းရှောင်နေရတယ်” ဟု စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
AA က ရခိုင်ပြည်နှင့် ဆက်စပ်လျက်ရှိသော ဧရာ၀တီတိုင်း၊ မကွေးတိုင်းနှင့်ပဲခူးတိုင်းတို့အတွင်းသို့ ထိုးဖောက် ဝင်ရောက် တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်လျက်ရှိကြောင်း AA ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
ဓာတ်ပုံ – ယမန်နှစ် မန္တလေးတွင် သေဆုံးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့၏ နာရေး။ (ပုံအဟောင်းဖြစ်ပါသည်။)
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
