ရန်ကုန်၊ မတ် ၂၀
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က စက်တပ်လေထီး၊ လက်နက်ကြီးများဖြင့် ၂ ရက်ဆက် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၄ ဦးသေဆုံးခဲ့ကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ ခေါင်းဆောင် ကိုနွေဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၁၉ ရက်နေ့ ညနေ ၄ နာရီခန့်တွင် မြောင်မြို့ပေါ်စခန်းမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် လှေတင်ဦးရွာနှင့် ကျည်ကုန်းရွာ ကို ကျရောက်ပေါက်ကွဲခဲ့ပြီး ကျေးရွာနေပြည်သူ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ယင်းနေ့တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် မြောင်မြို့ပေါ်ကို စက်တပ်လေထီးများဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် ပြည်သူ ၂ ဦးသေဆုံးကာ အမျိုးသမီး ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၂ လုံး မီးလောင်ပြာကျခဲ့ကြောင်း သိရှိရသည်။
ယနေ့ မတ်လ ၂၀ ရက်နေ့ နံနက်ပိုင်းတွင်လည်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများက မြောင်မြို့ ပတ်ပတ်လည်ကို လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခြင်း၊ စက်တပ်လေထီးများ ဆက်တိုက် ပျံဝဲခြင်းများ လုပ်ဆောင်နေကြောင်း သိရသည်။
“ဒီနေ့လည်း မြောင်မြို့ပတ်ပတ်လည်ကို လက်နက်ကြီးတွေနဲ့ ဆက်တိုက် ပစ်ခတ်နေတာရှိတယ်။ စက်တပ်လေထီးတွလည်း ဆက်တိုက် ပျံဝဲနေတယ်” ဟု မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ ခေါင်းဆောင် ကိုနွေဦးက ပြောဆိုသည်။
မြောင်မြို့ အနီးနားရွာမှ ပြည်သူများအနေဖြင့် စက်တပ်လေထီးနှင့် လက်နက်ကြီး အန္တရာယ်များ ကင်းဝေးရန် ရှောင်တိမ်း နေထိုင်ကြရန် မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ ခေါင်းဆောင် ကိုနွေဦးက ဆက်လက်ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
