ရန်ကုန်၊ မတ် ၂၀
မကွေးတိုင်း။ စလင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်က အကြိမ်ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခြင်းကြောင့် စစ်သား ၁၀ ဦးထက်မနည်းသေဆုံးပြီး ကား ၁ စီးပျက်စီးခဲ့ကြောင်း စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၆ ရက်နေ့မှ ၁၇ ရက်နေ့ထိ စလင်းမြို့နယ်၊ စလင်း- ဆင်ဖြူကျွန်းလမ်းပိုင်း နှင့် ဆင်ဖြူကျွန်း-တညောင်လမ်းပိုင်းကို အကြမ်းဖက် စစ်တပ်က ၁၂ ရက်ကြာ သံချပ်ကာ ကားများဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မတ်လ ၆ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် စလင်း-ဆင်ဖြူကျွန်း လမ်းပိုင်း၌ ရောက်ရှိနေစဉ် မြို့နယ်-ပကဖ မှ တော်လှန်ရေး ရဲဘော်များက မိုင်းပွိုင့် ၂ နေရာဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး အပြန်အလှန် ထိတွေ့ ပစ်ခတ်မှု ၁ ကြိမ် ဖြစ်ပွားခဲ့ကြောင်း၊ ထို့ပြင် ဆင်ဖြူကျွန်း-တညောင် လမ်းပိုင်းတွင်လည်း မြို့နယ်-ပကဖ နှင့် မဟာမိတ်တော်လှန်ရေး တပ်ရင်းတပ်ဖွဲ့များက ပူးပေါင်း၍ မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ အထိနာ၍ လေကြောင်းဖြင့် အကြိမ်ကြိမ် လာရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
မတ်လ ၁၆ ရက်နေ့တွင် ပွင့်ဖြူဘက်မှ စစ်ကား ၆ စီးဖြင့် ထပ်မံ အင်အား ဖြည့်တင်းလာချိန်တွင် အကြမ်းဖက် စစ်တပ် ယာဉ်တန်းကို တော်လှန်ရေး တပ်ဖွဲ့များက စလင်း- ဆင်ဖြူကျွန်း လမ်းပိုင်းတွင် ပဒေသာမိုင်းဖြင့် ထပ်မံ မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်ကား ၁ စီးပျက်စီးပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်သည် ၎င်းတို့ ထပ်မံ ဖြည့်တင်းထားသော အင်အားဖြင့် ဆင်ဖြူကျွန်း- တညောင်းလမ်းပိုင်းကို ဆက်လက် စစ်ကြောင်းထိုးလာစဉ် ညနေပိုင်းတွင် တညောင်တိုက်နယ် (စလင်း ပကဖ ဇုန် ၃) မှ တော်လှန်ရေး ရဲဘော်များက ထပ်မံ မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
ထို ၁၂ ရက်ကြာ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၁၀ ဦးထက်မနည်း သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြားကြောင်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
“စစ်ခွေး ထိခိုက်သေဆုံးမှုက ၁၀ ဦးထက်မနည်းရှိပါတယ်။ သူတို့ တက်လာတဲ့ လမ်းပိုင်းတွေကို စောင့်ပြီး မိုင်းဆွဲ တိုက်ခိုက်ခဲ့တာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတာတော့မရှိဘူး။ တော်လှန်ရေး ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်။ စစ်တပ် စစ်ကြောင်းက ပြန်လည် ဆုတ်ခွာသွားပြီ” ဟု စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (စလင်း- ပကဖ)၊ မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်း၊ ဒေါင်းစစ်အောင် LPDF၊ မကွေးခရိုင် အမှတ် တပ်ရင်း၊ မကွေးမြို့နယ် (ပကဖ)၊ ဆိပ်ဖြူမြို့နယ် (ပကဖ)၊ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
