29 C
Yangon

ကနီမြို့ ဘောလုံးကွင်းအတွင်း တပ်အင်အားဖြည့်ရန် ရဟတ်ယာဉ် ဆင်းသက်နေစဉ် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်၊ စစ်တပ်က မြို့ပေါ်နေအိမ်များကို မီးရှို့ဖျက်ဆီး

Must read

ကနီမြို့ ဘောလုံးကွင်းအတွင်း တပ်အင်အားဖြည့်ရန် ရဟတ်ယာဉ် ဆင်းသက်နေစဉ် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်၊ စစ်တပ်က မြို့ပေါ်နေအိမ်များကို မီးရှို့ဖျက်ဆီး

ရန်ကုန်၊ မတ် ၂၀

စစ်ကိုင်းတိုင်း၊ ကနီမြို့ရှိ ဘောလုံးကွင်းအတွင်း တပ်အင်အားဖြည့်တင်းရန် ရဟတ်ယာဉ်ဆင်းသက်စဉ် ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်သားများ ထိခိုက်မှုရှိနိုင်ကြောင်း KLG PDF ကျောက်လုံးကြီးမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ မတ်လ ၁၉ ရက်နေ့ ညနေ ၅ နာရီခန့်တွင် မုံရွာမြို့ အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခမှ တက်လာသော အကြမ်းဖက် စစ်သား ၂၀ ခန့်လိုက်ပါသည် ရဟတ်ယာဉ် ၁ စီးသည် ကနီမြို့ ဘောလုံးကွင်း အတွင်းဆင်းသက်ပြီး လူအတင်အချ ပြုလုပ်နေစဉ် တော်လှန်ရေး တပ်ဖွဲ့များက Fixed Wings ဒရုန်း ၂ စီးဖြင့် ဗုံးသီး ၂ လုံး ကျဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ဗုံးကျဲတိုက်ခိုက်မှုကြောင့် ရဟတ်ယာဉ်ကွင်း၌ ကင်းစောင့်နေသော စစ်သားများ ထိခိုက်မှုရှိပြီး ကနီမြို့တွင်ရှိနေသော ဗိုလ်မှူး နှင့် ဗိုလ်ကြီးများကို ခေါ်ဆောင်နိုင်ခြင်းမရှိဘဲ ချက်ချင်း ပြန်လည် ထွက်ခွာသွားရကြောင်း သိရသည်။

“လေယာဉ်က ဆင်းပြီး စခတွေ ချနေတဲ့အချိန် ဗုံးသီးကျဲချ တိုက်ခိုက်တာ ထိခိုက်သေဆုံးမှုကတော့ မသိရသေးဘူး။ အင်အားဖြည့်ပြီး ကနီမြို့က အရာရှိတွေကို ပြန်ခေါ်ဖို့လုပ်တာပါ။ နမခတိုင်းမှူး ဝက်ဘီလူး မျိုးမင်းထွေး ကျောင်းသားဘဝက ကနီမြို့ အထကမှာ ပညာသင်ယူခဲ့ဖူးလို့ အခုတိုက်ခိုက်ခံရတဲ့အပေါ် ဒေါပွနေတယ်လို့ သိရပါတယ်” ဟု KLG PDF ကျောက်လုံးကြီးမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ ဗျူဟာ 45 KLG PDF ဒရုန်းအဖွဲ့ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဗျူဟာ ၄၅ KLG PDF ကျောက်လုံးကြီးအနေဖြင့် စစ်အာဏာရှင် အမြစ် ပြတ်သည်အထိ တော်လှန်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

ထိုသို့ ဗုံးကျဲ တိုက်ခိုက်ခံရပြီးနောက် ညနေ ၆ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်ကောင်စီတပ်သားများက ကနီမြို့ အမှတ် ၃ ရပ်ကွက်နှင့် အမှတ် ၁ ရပ်ကွက်အတွင်းရှိ နေအိမ်များကို ဝင်ရောက် မီးရှို့ ဖျက်ဆီးသွားကြောင်း သိရသည်။

“မီးကတော့များတယ်၊ ညဘက်ဆိုတော့ အိမ်ဘယ်လုံးပါသွားလဲ မသိရဘူး။ ရပ်ကွက် ၁ ကနေအိမ် တွေရော၊ ရပ်ကွက် ၃ က နေအိမ်တွေရော ရှို့တာများတယ်။ ကနီမြို့မှာက ပြည်သူတွေ မရှိတော့ဘူး။ ညဘက်ရောက်တော့ ကင်းပတ်တာတွေ လည်းရှိတယ်။” ဟု KLG PDF ကျောက်လုံးကြီးမှ တာဝန်ရှိ သူတစ်ဦးက ဆက်လက် ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article