ရန်ကုန်၊ မတ်၂၁
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့အနီးတွင် AA နှင့် စစ်ကောင်စီတပ်များ တိုက်ပွဲ အကြီးအကျယ်ဖြစ်နေကြောင်း ဥသျှစ်ပင်မြို့မှ ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလမှစတင်ပြီး ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးတပ်စခန်းတွင် AA နှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်များမှာ ညောင်ခြေထောက်နှင့် ဥသျှစ်ပင်မြို့များသို့ ဆုတ်ခွာလာကြောင်း၊ မတ်လ ၁၄ ရက်နေ့မှစတင်ပြီး ညောင်ကျိုးစခန်းနှင့် ညောင်ခြေထောက်တပ်စခန်းအကြား တွင် တိုက်ပွဲများ အကြီးအကျယ်ဖြစ်ပွားနေကြောင်း၊ ဥသျှစ်ပင်မြို့တွင် အခြေစိုက်ထားသော စစ်တပ်က ညောင်ခြေထောက်တပ်စခန်း ဘက်သို့ လက်နက်ကြီးများဖြင့် အကြီးအကျယ်ပစ်ခတ်လျက်ရှိကြောင်း သိရှိရသည်။
“ဒီမနက်ဆိုရင်လည်း ဥသျှစ်ပင်မြို့ပေါ်မှာ လက်နက်ကြီးသံတွေ ကြားနေရတယ်။ အခု တိုက်ပွဲဖြစ်နေတာက ညောင် ကျိုးနဲ့ ညောင်ခြေထောက်အကြားမှာ ဖြစ်နေတာ။ ဥသျှစ်ပင်မြို့ပေါ်ကနေလည်း လက်နက်ကြီးတွေ တောက်လျှောက်ပစ်ကူပေးနေတယ်။ ညောင်ခြေထောက်ဆိုတာက ဥသျှစ်ပင်နဲ့ ကပ်လျက်ဆိုတော့ တိုက်ပွဲတွေက တဖြည်းဖြည်းကို အရမ်းနီးလာနေပြီ” ဟု ဥသျှစ်ပင်မြို့မှ ဒေသပြည်သူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
လတ်တလော ဥသျှစ်ပင်မြို့တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲများ ပြုလုပ်လျက်ရှိနေပြီး ယင်းစာမေးပွဲများ ပြီးဆုံးပါက စာသင်ကျောင်းများအားလုံးတွင် စစ်ကောင်စီတပ်များက တပ်စွဲရန် ပြင်ဆင်လျက်ရှိကြောင်း၊ ဥသျှစ်ပင်မြို့ပေါ်တွင် စစ်ကောင်စီက ခုခံစစ်များ ပြင်ဆင်လျက်ရှိရာတွင် ရဲစခန်းနှင့် ဌာနဆိုင်ရာ ရုံးများသာမက မြို့ပြင် နေရာများတွင်ပါ လုံခြုံရေး အကာအကွယ် အတားအဆီးများ အကြီးအကျယ် ချထားကြောင်း သိရှိရသည်။
ပဲခူးတိုင်း၊ ညောင်ကျိုး တိုက်ပွဲတွင် အကြမ်းဖက် စစ်တပ်၏ လေယာဉ်များက မှားယွင်း ဗုံးကျဲမှု နှင့် AA ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ တပ်သား ၁၂၀ ကျော် သေဆုံးခဲ့ကြောင်း၊ ကျန်ရှိနေသော တပ်သားများ အားလုံးမှာလည်း တပ်ပျက်၍ ထွက်ပြေးကြကြောင်း ညောင်ကျိုးတိုက်ပွဲတွင် ပါဝင်ခဲ့သော အလင်းဝင် စစ်မှုထမ်းတပ်သားသစ် ကိုနန်းလင်းသူက ထုတ်ဖော်ပြောဆိုထားသည်။
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်နှင့် ဆက်စပ်လျက်ရှိသော ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အတွင်းရှိ ညောင်ကျိုးကျေးရွာ တပ်စခန်းကို AA ဦးဆောင်သော ပူးပေါင်းတပ်များက ထိုးစစ်ဆင်လျက်ရှိရာ လက်ရှိတွင် ကာကင်း စခန်းများအားလုံးကို တိုက်ခိုက်သိမ်းပိုက်ရရှိပြီးဖြစ်ကြောင်း၊ သို့ရာတွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ဆက်လက်၍ တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်ကြောင်း AA ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခက ထုတ်ဖော်ပြောဆိုသည်။
ဓာတ်ပုံ – ပန်းတောင်းမြို့ပေါ်တွင် စစ်မှုထမ်းဥပဒေနှင့် လုံခြုံရေး ပြင်ဆင်ရေး အစည်းအဝေးခေါ်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
