ရန်ကုန်၊ မတ် ၂၁
ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်တွင် ရဲနှင့် အုပ်ချုပ်ရေးမှူးက ပြည်သူ ၁ ဦးကို ချဲရောင်းသည်ဟု စွပ်စွဲ ဖမ်းဆီးပြီး ငွေကျပ် သိန်း ၃၂၀ တောင်းခံခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ပုဇွန်တောင်မြို့နယ်၊ အမှတ် ၈ ရပ်ကွက်၊ ဇီဇဝါလမ်းတွင် နေထိုင်သော ဦးမောင်မြင့် ကို ရဲနှင့် အုပ်ချုပ်ရေးမှူးများက ဝင်ရောက် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့သို့ ဖမ်းဆီးပြီးနောက် ပုဇွန်တောင်မြို့မရဲစခန်းမှ မြို့နယ်မှူး ရဲမှူး မင်းဟန်၊ စခန်းမှူး ဒုရဲမှူး ဇော်ဇော်၊ နယ်ထိန်း ဒုရဲအုပ် ညီမင်းနိုင်၊ ၇ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဗိုလ်ကျော်မင်း နှင့် ပျူစောထီး ဂျိုးဂျိုး တို့က ငွေကျပ် သိန်း ၃၂၀ တောင်းခံခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ထိုသို့ အတင်း အဓမ္မ ငွေကြေး တောင်းယူသည့် ဖြစ်စဉ်ကို အမှတ် ၈ ရပ်ကွက် အုပ်ချုပ်ရေးမှူး မျိုးမြင့် ပင်သိရှိခြင်းမရှိဘဲ ပျုစောထီး ဂျိုးဂျိုး နှင့် အမှတ် ၇ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဗိုလ်ကျော်မင်းတို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဦးမောင်မြင့်ကို ချဲရောင်းတယ်ဆိုပြီး စွပ်စွဲဖမ်းဆီးတာ ပြီးတော့ ငွေကျပ် သိန်း ၃၂၀ တောင်းတယ်။ အတင်း အဓမ္မ တောင်းယူတော့ ပေးလိုက်ရတယ်။ သူတို့တွေ အချင်းချင်း ပြန်ခွဲယူတယ်လို့ သိရတယ်။ အဲဖြစ်စဉ်ကို ၈ ရပ်ကွက် အုပ်ချုပ်ရေးမှူး မျိုးမြင့်တောင် မသိဘူးလို့ သိရတယ်။ ပျုစောထီး ဂျိုးဂျိုးနဲ့ အမှတ် ၇ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဗိုလ်ကျော်မင်းတို့က ရဲခွေးတွေနဲ့ ပေါင်းပြီး လုပ်သွားတာလို့ သိရတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။
အလားတူ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင်လည်း အကြမ်းဖက် စစ်သားများက ပြည်သူ ၁ ဦးကို မူးယစ်ဆေး သုံးစွဲသည်ဟု စွပ်စွဲရှာဖွေပြီး ရွှေ ၂ ကျပ်သား လုယက်ယူဆောင်သွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၁၉ ရက်နေ့တွင် မြစ်ကြီးနားမြို့ မြန်မာ့စီးပွားရေးဘဏ် လမ်းကြားတွင် လမ်းသွားလမ်းလာ ပြည်သူများကို စစ်ဆေးနေသည့် အကြမ်းဖက် စစ်သားနှင့်ရဲ များက ဆိုင်ကယ်စီးသည့် ပြည်သူ ၁ ဦးကို မူးယစ်ဆေး သုံးစွဲသည်ဟု စွပ်စွဲရှာဖွေပြီး ဝိုင်းဝန်းရိုက်နှက်ကာ ရွှေ ၂ ကျပ်သားကို ယူဆောင်သွားကြောင်း သိရသည်။
“မြို့ထဲကို အခေါက်ရွှေလုပ်ဖို့ အသွား မြန်မာ့စီးပွားဘဏ်အရှေ့ လမ်းမကြီးမှာ စစ်ခွေးတွေနဲ့ ရဲခွေးတွေက ဆိုင်ကယ်ကို ရပ်ခိုင်းတယ် ပြီးတော့ လမ်းကြားထဲကိုခေါ်ပြီး ဆေးသုံးတယ်ဆိုပြီး စစ်ဆေးတယ် ဆေးမသုံးဘူးပြောရင်လဲမရဘူး။ ဘာမှမပြောနဲ့ဆိုပြီးလက်နက်တွေနဲ့ စိတ်ကြိုက် ရိုက်တယ်။ နောက်ပြီး ပါလာတဲ့ ရွှေ ၂ ကျပ်သားကို လုယူသွားတယ်” ဟု လုယက်ခံရသူ၏ မိတ်ဆွေတစ်ဦးက ပြောဆိုသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး လုယက်ခံရသည့် ပြည်သူက အနီးအနားရှိ ရဲစခန်းကို အကူညီတောင်းခံခဲ့သော် လည်း ရဲများက ထွက်လာခြင်းမရှိလည်း လျစ်လျူရှုခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – ပြည်သူကို ခြိမ်းခြောက် ငွေတောင်းခံသော ပုဇွန်တောင်မြို့နယ်မှူး ရဲမှူး မင်းဟန်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
