ရေးမြို့နယ်၊ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ စစ်တပ် စခန်းကုန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံး
မွန်ပြည်နယ် ၊ ရေးမြို့နယ်၊ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ အကြမ်းဖက် စစ်တပ် စခန်းကုန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးခဲ့ကြောင်း ရေးပြောက်ကျားတပ်မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၁၇ ရက်နေ့တွင် ရေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်မတော် ဗျူဟာ ၃၃ နယ်မြေအတွင်းရှိ အမှတ် ၈ ပြည်ထောင်စုလမ်းမကြီး ကွမ်ကျိုက်ကျေးရွာ အနီးတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်၏ စခန်းကုန်းကို တော်လှန်ရေး တပ်ဖွဲ့များက လက်နက်ကြီးများဖြင့် ၆ ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်း တိုက်ခိုက်မှု အတွင်း လက်နက်ကြီးကျည်များသည် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ရှိရာနေရာကို ကျရောက် ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးကာ တပ်ကြပ်ကြီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ဒေါနတပ်ရင်း ၊ ဒေါနစစ်ကြောင်း ၂ ၊ ရေးပြောက်ကျားတပ် (YGF) နှင့် ပူးပေါင်းမဟာမိတ်များဖြစ်သော ရာမည စစ်ကြောင်း နှင့် KNLA တပ်ရင်း ၂၇ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
