28 C
Yangon

စစ်အုပ်စုထံ လက်နက်ရောင်းချနေသည့် အိန္ဒိယစစ်လက်နက်ကုမ္ပဏီထံမှ ရင်းနှီးမြုပ်နှံမှုများအား ဆွီဒင်ပင်စင်ရန်ပုံငွေအဖွဲ့ ပြန်လည်ရုပ်သိမ်း

Must read

စစ်အုပ်စုထံ လက်နက်ရောင်းချနေသည့် အိန္ဒိယစစ်လက်နက်ကုမ္ပဏီထံမှ ရင်းနှီးမြုပ်နှံမှုများအား ဆွီဒင်ပင်စင်ရန်ပုံငွေအဖွဲ့ ပြန်လည်ရုပ်သိမ်း

ရန်ကုန်၊ မတ် ၂၁

အကြမ်းဖက်စစ်အုပ်စုထံ စစ်လက်နက်ရောင်းချနေသည့် အိန္ဒိယစစ်လက်နက်ကုမ္ပဏီ Bharat Electronics Limited (BEL) ကို အရေးယူသည့်အနေဖြင့် ၄င်းကုမ္ပဏီတွင် ရင်းနှီးမြှုပ်နှံထားသော ရှယ်ယာများအား ပြန်လည်ထုတ်ယူပြီး၊ ရင်းနှီးမြှုပ်နှံစာရင်းမှ ထုတ်ပယ်လိုက်ကြောင်း ဆွီဒင်ပင်စင်ရန်ပုံငွေအဖွဲ့ ကျင့်ဝတ်ဆိုင်ရာကောင်စီ၏ အစီရင်ခံစာများအရ သိရသည်။

ထိုသို့ အိန္ဒိယ BEL လက်နက်ကုမ္ပဏီအား ဆွီဒင်ပင်စင်ရန်ပုံငွေ ရင်းနှီးမြှုပ်နှံစာရင်းမှ ထုတ်ပယ်လိုက်သည့်အပေါ်ကြိုဆိုကြောင်း Justice For Myanmar ကထုတ်ပြန်လိုက်ပြီး၊ BEL ကုမ္ပဏီသည် မြန်မာစစ်အုပ်စု၏ စစ်ရေယာဉ်များအတွက် ရေဒါစနစ်၊ လေကြောင်းရန်ကာကွယ်ရေး စစ်လက်နက်အထိုင်စခန်း၊ ရေဒီယိုစနစ်များနှင့် စက်ပစ္စည်းကိရိယာများကို ရောင်းချပေးခဲ့ကြောင်း ၄င်းတို့၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

BEL သည် ၂၀၂၃ ခုနှစ်၊ ဧပြီလအထိ ခြောက်လတာကာလအတွင်းတွင်ပင် အမေရိကန်ဒေါ်လာ ၅ သန်းကျော်ဖိုး စစ်လက်နက်ပစ္စည်းများအား မြန်မာစစ်တပ်ထံ လွဲပြောင်းရောင်းချခဲ့သလို၊ မကြာသေးသည့် ၂၀၂၄ ခုနှစ်၊ မတ်လတွင်လည်း မြန်မာစစ်တပ်အတွက် သုံးဘက်မြင်စောင့်ကြည့် ထောက်လှမ်းရေးရေဒါတွင် အသုံးပြုသည့် ထိန်းချုပ်ရေးကိရိယာတစ်စုံကို လွှဲပြောင်းရောင်းချထားသည်ဟု JFM ကဆိုသည်။

ဆွီဒင်ပင်စင်ရန်ပုံငွေ AP2 ၏ ၂၀၂၄ ဇူလိုင်လ နိုင်ငံခြားရှယ်ယာများဆိုင်ရာထုတ်ပြန်ချက်အရ BEL ကုမ္ပဏီတွင် ဆွီဒင်ခရိုနာ ၃၅၉ သန်းကျော် (အမေရိကန်ဒေါ်လာ ၃၃.၈ သန်း) ရှယ်ယာများ ပိုင်ဆိုင်ထားပြီး အဆိုပါရင်းနှီးမြုပ်နှံမှုများအား ယခုအခါ ပြန်လည်ရုပ်သိမ်းပြီးဖြစ်ကြောင်း သိရသည်။

ကျင့်ဝတ်ဆိုင်ရာကောင်စီ၏ အစိတ်အပိုင်းမဟုတ်သော ဆွီဒင်ရံပုံငွေအဖွဲ့ AP7 ကတော့ BEL တွင် ဆွီဒင်ခရိုနာ ၂၈၉ သန်းကျော် (အမေရိကန်ဒေါ်လာ ၂၈.၇ သန်း) တန်ဖိုး ရှယ်ယာများကို ဆက်လက်ပိုင်ဆိုင်ထားကြောင်း သိရသည်။

Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “မြန်မာစစ်တပ်ရဲ့ နိုင်ငံတကာ ရာဇဝတ်မှုတွေကို နှစ်ပေါင်းများစွာ အားပေးကူညီလာခဲ့တဲ့ BEL ကုမ္ပဏီကို ရင်းနှီးမြှုပ်နှံမှုစာရင်းက ဖယ်ထုတ်ခဲ့တဲ့ ဆွီဒင် ပင်စင်ရန်ပုံငွေရဲ့ လုပ်ဆောင်ချက်ကို ကျမတို့ ကြိုဆိုပါတယ်” ဟုဆိုသည်။

“ဒီဆုံးဖြတ်ချက်က မြန်မာစစ်တပ်နဲ့ လုပ်တဲ့ စီးပွားရေးလုပ်ငန်းတွေဟာ နိုင်ငံတကာဥပဒေတွေကို ဆန့်ကျင်ရုံသာမက၊ ဆိုးရွားတဲ့ရင်းနှီးမြှုပ်နှံမှုတွေလည်း ဖြစ်တယ်ဆိုတာကို BEL ကုမ္ပဏီကို ပြတ်သားတဲ့ သတင်းစကားပါးလိုက်တာ ဖြစ်ပါတယ်၊ AP7 နဲ့ အခြားသော BEL ရင်းနှီးမြှုပ်နှံသူအားလုံးအနေနဲ့လည်း အခုလိုမျိုး လိုက်ပါလုပ်ဆောင်ပြီး၊ ရင်းနှီးမြှုပ်နှံမှုတွေ ချက်ချင်း ရုတ်သိမ်းသင့်ပါတယ်” ဟု သူက ဆက်လက်တိုက်တွန်းပြောဆိုသည်။

ထို့အပြင် အိန္ဒိယအစိုးရအနေဖြင့်လည်း မြန်မာစစ်အုပ်စုအပေါ် စစ်လက်နက်ရောင်းချမှုပိတ်ပင်ရေး ချက်ချင်းပြဌာန်းရန်၊ သင်တန်းနှင့် အခြားစစ်ဘက်ဆိုင်ရာပံ့ပိုးမှုအားလုံးကို ရပ်တန့်ရန် Justice For Myanmar က ဆက်လက်တောင်းဆိုခဲ့သည်။

မြန်မာစစ်အုပ်စုထံ စစ်လက်နက်တင်ပို့ရောင်းချမှုများကြောင့် ၂၀၂၁ ခုနှစ်တွင် Nordea Bank က BEL ကုမ္ပဏီအား ၎င်းတို့၏ ထုတ်ပယ်စာရင်းတွင် ထည့်သွင်းခဲ့သလို၊ ၂၀၂၃ ခုနှစ်တွင်လည်း နော်ဝေအချုပ်အခြာ ဓနရံပုံငွေအဖွဲ့သည် BEL ကုမ္ပဏီကို ၄င််းတို့၏ ရင်းနှီးမြှပ်နှံစာရင်းမှ ထုတ်ပယ်ခဲ့ပြီးဖြစ်သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article