36 C
Yangon

သထုံတွင် လူငယ်များကို စစ်မှုထမ်းခိုင်းရန် ပေါ်တာဆွဲ ဖမ်းဆီးရာတွင် ပါဝင်နေသည့် စစ်မှုထမ်းဟောင်း ကြည်ဇော်နှင့် ချွေးမ တို့ ပစ်ခတ်ခံရပြီး သေဆုံး

Must read

သထုံတွင် လူငယ်များကို စစ်မှုထမ်းခိုင်းရန် ပေါ်တာဆွဲ ဖမ်းဆီးရာတွင် ပါဝင်နေသည့် စစ်မှုထမ်းဟောင်း ကြည်ဇော်နှင့် ချွေးမ တို့ ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ မတ် ၂၂

မွန်ပြည်နယ်၊ သထုံမြို့တွင် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးရန် အကြမ်းဖက် စစ်တပ်အား နေအိမ်များ လိုက်လံပြသနေသည့် စစ်မှုထမ်း ဟောင်း ကြည်ဇော်နှင့် ချွေးမ ဖြစ်သူတို့ကို ဖမ်းဆီးရန်လာစဉ် ခုခံထွက်ပြေး၍ ပစ်ခတ်ဖမ်းဆီးရာမှ ၂ ဦးလုံးသေဆုံးခဲ့ကြောင်း ပြည်သူ့ဘက်တော်သားအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၁၉ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် သထုံမြို့ နန်းခဲရပ်ကွက် လေကြောင်းရန် စစ်တပ်နှင့်ကပ်လျက်ရှိသော ဘိုးဘွားရိပ်သာလမ်းရှိ ရာအိမ်မှူး ကျော်သူဟိန်း၏ နေအိမ်ကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် ရှာဖွေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ဝင်ရောက်ရှာဖွေစဉ် ရာအိမ်မှူး ကျော်သူဟိန်းသည် နေအိမ်၌ မရှိသောကြောင့် လွတ်မြောက်သွားပြီး ၎င်း၏ ဖခင်ဖြစ်သူ စစ်မှုထမ်းဟောင်း ကြည်ဇော်နှင့် ၎င်း၏ အမျိုးသမီးဖြစ်သူ နွယ်နွယ်၀င်း တို့ကို တော်လှန်ရေး ရဲဘော်များက ဖမ်းဆီးခဲ့ကြောင်း၊ ထိုသို့ ဖမ်းဆီးလာစဉ် လမ်းခုလတ်တစ်နေရာ အရောက်တွင် ကြည်ဇော်သည် ပြန်လည်ခုခံပြီး ရဲဘော် ၁ ဦးထံမှ သေနတ် လုယူကာ နွယ်နွယ်ဝင်းမှာလည်း ကားပေါ်မှ ဆင်း‌ပြေးသောကြောင့် ပစ်ခတ် ဖမ်းဆီးရာ ၂ ဦးလုံးသေဆုံးခဲ့ကြောင်း သိရှိရသည်။

သေဆုံးသွားသော ကြည်ဇော်သည် စစ်မှုထမ်းဟောင်းဖြစ်ပြီး ရဲသတင်းပေးများအဖြစ် လုပ်ဆောင်နေကာ အကြမ်း ဖက် စစ်တပ်အတွက်လည်း စစ်မှုထမ်းရန် လူငယ်များ စုဆောင်းပေးခြင်းနှင့် လူငယ်များ၏ နေရာများကို လိုက်လံ ပြသနေသူဖြစ်ကြောင်း၊ ထို့ပြင် နွယ်နွယ်ဝင်း သည်လည်း ယောက်ျားဖြစ်သူ ရာအိမ်မှူး ကျော်သူဟိန်း အားကိုးဖြင့် ရပ်ကွက်‌‌နေ ပြည်သူများ အ‌ပေါ် ရမ်းကားခြင်း လုပ်ဆောင်နေသူဖြစ်ကြောင်း သိရသည်။

ထိုသို့ ပြည်သူများအပေါ် နည်းမျိုးစုံ ဒုက္ခပေးနေခြင်းများကို အမြန်ဆုံး ရပ်တန့်ရန် တော်လှန်ရေး တပ်ဖွဲ့များက သတိပေးချက်များ နည်းအမျိုးမျိုးနှင့် အကြောင်းကြားပြောဆိုနေသော်လည်း ဆက်လက် ကျူးလွန်နေသော ကြောင့် ဝင်ရောက် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ရာအိမ်မှူး ကျော်သူဟိန်း၏ နေအိမ်မှလည်း သက်သေ အထောက်အထားအဖြစ် ကျော်သူဟိန်းကို ရာအိမ်မှူးခန့် အပ်စာ၊ ကြည်ဇော်၏ စစ်ဘက်နှင့် သက်ဆိုင်သော စာရွက်စာတမ်းများနှင့် နွယ်နွယ်ဝင်း၏ ချဲရောင်းသော မှတ် တမ်းစာရွက်များ၊ ပြည်သူများကို မတရားအတိုးနှင့် ချေးယူထားသော စာရင်းဇယားများ၊ ရွှေဘောင်ချာ အမြောက် အများနှင့် ဆိုင်ကယ် ၁ စီးတို့ကို သက်သေအဖြစ် သိမ်းယူနိုင်ခဲ့ကြောင်း သိရသည်။

“သူတို့တွေက လူငယ်တွေကို ဖမ်းဆီးတာမျိုးတွေလည်း ရှိတယ်။ လူစုဖို့ အတွက် လူငယ်တွေ နေအိမ်တွေ လိုက်ပြတာမျိုးတွေလည်း ရှိပါတယ်။ သထုံမြို့တွင်းမှာ ဒလန်အုပ်ကြီး တချို့နဲ့ လူငယ်တွေကို အဓမ္မ စစ်မှုထမ်းဖို့ ကူညီနေသူ တချို့ရဲ့ အချက်လက်တွေ အတိအကျ ရရှိထားပြီးဖြစ်လို့ ယခု အချိန်ကစပြီး ရပ်တန့်ဖို့ပဲ မှတ်ချက်ပေးချင်ပါတယ်။ ကျနော်တို့ အဖွဲ့အနေနဲ့ အလားတူ Mission မျိုးတွေလည်း ဆက်လက် ဖော်ဆောင်သွားမှာပါ” ဟု ပြည်သူ့ဘက်တော်သားအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ပြည်သူ့ဘက်တော်သားအဖွဲ့သည် လွတ်မြောက်‌နေသော ကျော်သူဟိန်း အပြင် သထုံမြို့တွင်းရှိ ပြည်သူများအပေါ် နည်းမျိုးစုံ ဒုက္ခပေးနေသော ကျန်ရှိနေသည့် အကြမ်းဖက် စစ်တပ် ဒေါက်တိုင် ဒလန် ရပ်ကွက်အုပ်ချုပ်ရေးမှူး တ ချို့ နှင့် လူငယ်များကို စစ်မှုထမ်းရန် အဓမ္မ ဖမ်းဆီး‌နေရာတွင် ပါဝင်ကူ‌ညီပေးနေသူ တချို့ကို ဆက်လက် တိုက် ခိုက် သွားမည်ဖြစ်ကြောင်း ပြည်သူ့ဘက်တော်သားအဖွဲ့မှ တာဝန်ရှိသူက ရှင်းလင်းပြောဆိုသည်။

ဓာတ်ပုံ- သိမ်းဆည်းရရှိထားသည့် သက်သေခံ ကတ်ပြားများ။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article