36 C
Yangon

စစ်ကောင်စီက ထိုင်းသို့ အလုပ်သမားစေလွှတ်မှုများကို အဆင့်များစွာ ကန့်သတ်လိုက်ပြီး အလုပ်ခေါ်စာတစ်စောင်လျှင် လူဦးရေ ၅၀ ဦးနှုန်းဖြင့် တစ်လလျှင် တစ်ကြိမ်သာ တင်ပြခွင့်ပြုတော့

Must read

စစ်ကောင်စီက ထိုင်းသို့ အလုပ်သမားစေလွှတ်မှုများကို အဆင့်များစွာ ကန့်သတ်လိုက်ပြီး အလုပ်ခေါ်စာတစ်စောင်လျှင် လူဦးရေ ၅၀ ဦးနှုန်းဖြင့် တစ်လလျှင် တစ်ကြိမ်သာ တင်ပြခွင့်ပြုတော့

🟥 ဂျပန်၊ ကိုရီးယား၊ မလေးရှား၊ စင်ကာပူနှင့် အခြားနိုင်ငံများသို့ မြန်မာအလုပ်သမားစေလွှတ်မှုဆိုင်ရာ ကန့်သတ်ချက်များ ဆက်လက် ထုတ်ပြန်မည်

ရန်ကုန်၊ မတ် ၂၂

အကြမ်းဖက် စစ်ကောင်စီက ထိုင်းနိုင်ငံသို့ အလုပ်သမားစေလွှတ်မှုများကို အဆင့်များစွာ ထားရှိ ကန့်သတ်လိုက်ပြီး အလုပ်ခေါ်စာတစ်စောင်လျှင် အလုပ်သမား ၅၀ ဦးနှုန်းဖြင့် အေဂျင်စီများက တစ်လလျှင် တစ်ကြိမ်နှုန်းသာတင်ပြခွင့်ပြုတော့ကြောင်း အကြမ်းဖက် စစ်ကောင်စီက ထုတ်ပြန်ကြေညာသည်။

ထိုင်းနိုင်ငံရှိ လုပ်ငန်းခွင်များသို့ မြန်မာအလုပ်သမားများ စေလွှတ်ရန် အဆင့်များစွာ ကန့်သတ်သတ်မှတ်လိုက်သည့်အပြင် စေလွှတ်နိုင်သော အလုပ်သမားအရေအတွက်ကိုပါ စစ်ကောင်စီက ကန့်သတ်လိုက်ကြောင်း၊ ပြည်ပ အလုပ်အကိုင်အေဂျင်စီများအနေဖြင့် အလုပ်ခေါ်စာ တစ်ခုလျှင် လူဦးရေ ၅၀ နှုန်းဖြင့် တစ်လလျှင် တစ်ကြိမ်သာ အလုပ်သမားဝန်ကြီးဌာနသို့ တင်ပြခွင့်ပြုတော့ကြောင်း သိရှိရသည်။

စစ်ကောင်စီက ထုတ်ပြန်ကြေညာသော ထိုင်းနိုင်ငံသို့ မြန်မာအလုပ်သမားစေလွှတ်နိုင်ရေး လုပ်ငန်းစဉ်များတွင် အဆင့် ၁၃ ခုပါဝင်ပြီး အလုပ်ခေါ်စာများ တင်ပြခြင်း၊ အလုပ်ခေါ်စာများကို စိစစ်ခြင်း၊ အလုပ်ခေါ်စာ မှန်ကန် ကြောင်း အတည်ပြုပြီး ဆောင်ရွက်ခွင့်ပြုခြင်း၊ စာချုပ်ချုပ်ဆိုရန် တင်ပြခြင်း၊ စာချုပ်ချုပ်ဆိုခွင့်ကို စိစစ်ခြင်း၊ စာချုပ်ချုပ်ခွင့်ပြုခြင်း၊ OWIC ပြုလုပ်ခွင့် တင်ပြခြင်း၊ OWIC ခွင့်ပြုခြင်း၊ အလုပ်သမားစေလွှတ်ခွင့်ပြုရန် တင်ပြခြင်း၊ အလုပ်သမားဝန်ကြီးဌာနက စိစစ်ခွင့်ပြုခြင်း၊ ပြည်ပထွက်ခွာမည့် ခွင့်ပြု အလုပ်သမားများစာရင်းကို လေဆိပ်၊ ရေဆိပ်နှင့်နယ်စပ်ဂိတ်ပေါက်များသို့ ပေးပို့ခြင်း၊ ပြည်ပစေလွှတ်မှု ပြီးစီးခြင်းဆိုင်ရာ သတင်းပို့ခြင်း၊ အလုပ်သမားပြန်လည် ဝင်ရောက်ခြင်းဟူ၍ အဆင့်များစွာ သတ်မှတ်ထားသည်။

“ကျနော်တို့ မျှော်လင့်ထားတဲ့အတိုင်းပါပဲ။ အေဂျင်စီတစ်ခုအနေနဲ့ အလုပ်ခေါ်စာ တစ်ခုတောင် ရဖို့က အခုကာလမှာ ခက်ခဲပါတယ်။ မှန်မှန်ကန်ကန် အလုပ်ခေါ်စာကို ပြောတာပါ။ အေဂျင်စီတစ်ခုအနေနဲ့ အလုပ်ခေါ်စာ တစ်ခုကို လူဦးရေ ၅၀ ပဲ ပို့ခွင့်ပြုတဲ့သဘောပဲ။ နောက်ပြီး သတ်မှတ်ထားတဲ့ အဆင့်တွေကလည်း အရမ်းများလာတယ်။ အရင်ကတော့ အလုပ်ခေါ်စာတင်၊ သင်တန်းတက် စာချုပ်ချုပ်၊ OWIC ရိုက် လေယာဉ်လက်မှတ်ဝယ်ပြီး တစ်ခါ တည်း တန်းပို့တာပဲ။ လပိုင်းပေါ့။ အခုကတော့ ဒီလောက် အဆင့်တွေ အများကြီး သတ်မှတ်ထားတော့ အလုပ် သမားတစ်ခါပို့ဖို့က အနည်းဆုံး ၄ လကနေ ၆ လကျော်လောက်အထိ ကြာသွားမယ်။ အေဂျင်စီတွေအတွက်တော့ သိပ်ပြီး တွက်ခြေမကိုက်နိုင်တော့ဘူး” ဟု ရန်ကုန်မှ ပြည်ပအလုပ်အကိုင်အေဂျင်စီပိုင်ရှင်တစ်ဦးက ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက ထိုင်းနိုင်ငံသို့ အလုပ်သမားများစေလွှတ်ရန် အလုပ်ခေါ်စာ အသစ်များကို လာမည့် မေလ ၂ ရက်နေ့မှစတင်၍ ခွင့်ပြုမည်ဖြစ်ကြောင်း၊ ဂျပန်၊ ကိုရီးယား၊ စင်ကာပူ၊ မလေးရှားနှင့် အခြားနိုင်ငံများသို့လည်း အလုပ်သမားစေလွှတ်မှုဆိုင်ရာ ကန့်သတ်ချက်များကို ထုတ်ပြန်ကြေညာမည်ဟု ယနေ့ထုတ် စစ်တပ်၏ ဝါဒဖြန့် သတင်းစာများတွင် ဖော်ပြထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article