ရွှေဘို-ရေဦး လမ်းပိုင်းတွင် အထိုင်ချ တပ်စွဲရန် ပြင်ဆင်နေသော စစ်ကောင်စီ တပ်သားများနှင့် ရေစကြိုတွင် ရိက္ခာလာပို့သည့် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁ ဦး သေဆုံး
ရန်ကုန်၊ မတ် ၂၄
စစ်ကိုင်းတိုင်း၊ ရွှေဘို-ရေဦး လမ်းပိုင်းတွင် အထိုင်ချ တပ်စွဲရန် ပြင်ဆင်နေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၁ ဦးသေဆုံးခဲ့ကြောင်း ရွှေဘိုမြို့နယ် ဂဠုန်ကြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောဆိုသည်။
မတ်လ ၂၃ ရက်နေ့တွင် ရွှေဘို- ရေဦး လမ်းပိုင်းရှိ သပြေသာကျေးရွာ၌ အထိုင်ချရန် ပြင်ဆင်နေသော ပန်းရံရွာ၊ လိပ်ချင်းရွာ၊ ခွန်တောင်းကြီးရွာ၊ မြင်းချင်းရွာ နှင့် နဲ့ ဇီးကုန်းလေးရွာမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှု အတွင်း ခွန်တောင်ကြီးရွာမှ ပျူစောထီး ၁ ဦး သေဆုံးကာ ပျူစောထီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရှင်မတောင်စခန်းကို ရိက္ခာလာပို့သည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကိုလည်း ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း ဗမာ့ဒေါင်းတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၁၆ ရက်နေ့မှစ၍ ၁၈ ရက်နေ့အထိ ရေစကြိုမြို့နယ် ၊ ရှင်မတောင်စစ်တပ်စခန်းသို့ ရိက္ခာပို့ ရန် ထွက်လာသည့် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ဗမာ့ဒေါင်း RC Plane တပ်ဖွဲ့ (မြိုင်မြို့နယ် ပ.က.ဖ) နှင့် ပခုက္ကူခရိုင် တပ်ရင်း ၃ တို့က ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ထိခိုက်သေဆုံးမှုကတော့ သေချာပေါက်ရှိပါတယ်။ ကျနော်တို့တပ်ဖွဲ့အနေနဲ့ နယ်ခံတပ်ဖွဲ့တွေက စခ စစ်ကြောင်းရှိတယ်။ ဆော်မလားမေးလို့ ဆော်ရုံပဲဆိုပြီး သွားဆော်ကြတာ ကျနော်တို့အဖွဲ့က ပစ္စည်းလိုအပ်ချက်ရှိသွားလို့ ၃ ရက်ပဲ ဆော်ပြီး ပြန်ဆုတ်လာခဲ့ရတာ နောက်ဆက်တွဲသတင်းတော့ မသိရဘူး။ ဆက်သွယ်ကြည့်ဖို့လည်း အဲဒီဘက်က ဖုန်းလိုင်းမကောင်းလို့ မဆက်သွယ်ဖြစ်ဘူး” ဟု ဗမာ့ဒေါင်းတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
