မင်းအောင်လှိုင် ခန့်အပ်ထားသော စစ်ကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်၏ ထန်တလန်မြို့ရှိ နေအိမ်၊ ခြံနှင့် မြေအားလုံးကို ပြည်သူပိုင်အဖြစ် ချိတ်ပိတ်သိမ်းဆည်းလိုက်ပြီဟု ချင်းပြည်သူ့ကာကွယ်ရေးတပ်က ကြေညာ
ဟားခါးရှိ နေအိမ်ကိုလည်း ယခုနှစ် ဖေဖော်ဝါရီလတွင် CDF-HaKha က ချိတ်ပိတ်ခဲ့
ရန်ကုန်၊ မတ် ၂၅
အကြမ်းဖက် မင်းအောင်လှိုင်က ခန့်အပ်ထားသော စစ်ကောင်စီတပ်ဖွဲ့ဝင် ဒေါက်တာမှုထန်၏ထန်တလန်မြို့ရှိ နေအိမ်၊ ခြံနှင့် မြေအားလုံးကို ပြည်သူပိုင်အဖြစ် ချိတ်ပိတ်သိမ်းဆည်းလိုက်ပြီဖြစ်ကြောင်း ချင်းပြည်သူ့ကာကွယ်ရေးတပ်(CDF -TT) က တရားဝင် ထုတ်ပြန်ကြေညာသည်။
ချင်းပြည်နယ်၊ ထန်တလန်မြို့တစ်ခုလုံးကို မီးရှို့ဖျက်ဆီးနေသည့် အကြမ်းဖက် စစ်တပ်ကိုအားပေးသူ၊ ပြည်သူ လူထု အပေါ် ရက်စက်ကြမ်းကြုတ်စွာ အကောင်အထည်ဖော်ဆောင်ရွက်သည့်လုပ်ငန်းများတွင် တက်တက်ကြွကြွပါဝင်သူ၊ အကြမ်းဖက်စစ်တပ်က ဖွဲ့စည်းထားသည့် စစ်ကောင်စီတွင် အဖွဲ့ဝင်တစ်ဦးအဖြစ် ပါဝင်ဆောင်ရွက်သူ ဖြစ်သည့်အတွက် ၎င်းပိုင်ဆိုင်သော ထန်တလန်မြို့ရှိ အိမ်၊ ခြံ၊ မြေအားလုံးကို တော်လှန်ရေးကာလအတွင်း ပြည်သူလူထုကိုယ်စား CDF-Thantlang Council က အပြီးပိုင် သိမ်းဆည်းလိုက်ပြီး လိုအပ်သလို ဆက်လက် ကိုင်တွယ်သွားမည်ဖြစ်ကြောင်း၊ အသစ်တက်လာမည့် အစိုးရသစ်ထံသို့ ထပ်မံ လွှဲအပ်မည်ဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်သည်။
ထို့အတူ ယခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့ကလည်း အကြမ်းဖက် မင်းအောင်လှိင် ခန့်ထားသည့် စစ်ကောင်စီအဖွဲဝင် ဒေါက်တာမှုထန်၏ ဟားခါးမြို နေအိမ်ကို ချင်းတော်လှန်ရေးတပ်က ပြည်သူပိုင်အဖြစ် ချိတ်ပိတ်သိမ်းယူခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ရာ ယခု ထန်တလန်မြို့ရှိ နေအိမ် သိမ်းပိုက်ခံရမှုမှာ ဒုတိယအကြိမ်မြောက် နေအိမ် ချိတ်ပိတ်သိမ်းဆည်းခံရမှုလည်းဖြစ်သည်။
စစ်ကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်သည် ရန်ကုန်မြို့နှင့် နေပြည်တော်တွင်နေထိုင်လျက်ရှိပြီး ချင်း ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးဟုန်ငိုင်း၊ အငြိမ်းစား ညွှန်ချုပ် ဒေါက်တာဘမောင်၊ ရာထူးဝန် အဖွဲ့ဝင်ဟောင်း ဦးငွန်မောင်း ၊ ချင်းပါတီခေါင်းဆောင်တစ်ဦး ဦးနိုးထန်ကပ်တို့နှင့်အတူ ချင်းပြည်သစ်ပါတီကို တည်ထောင်ကာ စစ်ကောင်စီက ကျင်းပမည့် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရန် ပြင်ဆင်လျက်ရှိသည်။
“သူက အရင်ကတည်းက စစ်တပ်ပါတီဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီမှာ ပါဝင်နေသူဖြစ်တဲ့အပြင် နွေဦးတော်လှန်ရေးကာလမှာလည်း စစ်တပ်နဲ့ ၁၀၀ ရာခိုင်နှုန်း ပူးပေါင်းသူဖြစ်ပါတယ်။ ဒါကြောင့် ဒီလို ပိတ်ပင်တာကို လက်သင့်ခံပါတယ်” ဟု CNA/CNF မှ အဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ချင်းပြည်နယ်ကြံ့ဖွတ်ပါတီ ဥက္ကဋ္ဌ ဖြစ်ခဲ့သူ ဒေါက်တာမှုထန်သည် အကြမ်းဖက်စစ်ကောင်စီ၏ အဖွဲ့ဝင်အဖြစ် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် မင်းအောင်လှိင်က ခန့်အပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ- ရှေ့ဆုံးမှ အညိုရောင် အနွေးထည်ဝတ်ထားသူမှာ စစ်ကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်ဖြစ်သည်။
