26.5 C
Yangon

စလင်း၊ နွားထိုးကြီးနှင့် ပေါက် မြို့နယ်ရှိ ဘုန်ကြီးကျောင်းများနှင့် ကျေးရွာများကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ မှု သက်တော် ၇၆ နှစ် အရွယ် သံဃာတော် ၁ ပါး ပျံလွန်တော်မူ

Must read

စလင်း၊ နွားထိုးကြီးနှင့် ပေါက် မြို့နယ်ရှိ ဘုန်ကြီးကျောင်းများနှင့် ကျေးရွာများကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ မှု သက်တော် ၇၆ နှစ် အရွယ် သံဃာတော် ၁ ပါး ပျံလွန်တော်မူ

ရန်ကုန်၊ မတ် ၂၅

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ရွှေစာရံဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် သက်တော် ၇၆ နှစ်အရွယ် သံဃာတော် ၁ ပါး ပျံလွန်တော်မူခဲ့ကြောင်း စလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၂၄ ရက်နေ့ နံနက် ၁၀ နာရီ ကျော်ခန့်တွင် စလင်းမြို့နယ်၊ ဂွေးကုန်းကျေးရွာရှိ ရွှေစာရံဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကျောင်းအတွင်းရှိ သက်တော် ၇၆ နှစ်အရွယ် ဦးဇင်းကြီး ၁ ပါး နှင့် ပြည်သူ ၂ ဦး ထိခိုက် ဒဏ်ရာရရှိကာ ဆေးကုသရန် ပို့ဆောင်စဉ် လမ်းခရီး၌ ဦးဇင်းကြီး ပျံလွန်တော်မူခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေး လေယာဉ်နဲ့ ဗုံးကျဲ သွားတာ သက်တော် ၇၆ နှစ်အရွယ် ဦးဇင်းကြီး ၁ ပါး ပျံလွန်တော်မူပါတယ်။ ဘုန်း ကြီးကျောင်းကို ဗုံးကျဲပြီး စစ်ခွေးတွေက တယ်လီဂရမ် ချယ်နယ်မှာ PDF ၁၀၀ သေပါတယ်ဆိုပြီး အောင်ပွဲခံနေကြတာ စစ်ခွေးတွေ ဦးနှောက်ထဲစွဲနေတာက ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းတွေမှာ ရဲဘော်တွေ ခိုနေမယ်လို့ တထစ်ချ မှတ်ထားပုံရတယ်” ဟု စလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အလားတူ မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ကွမ်းအံရွာ ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ကျောင်းအဆောက်အဦးများ ပျက်စီးခဲ့ကြောင်း နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၂၄ ရက်နေ့ ညနေ ၄ နာရီ ၁၅ မိနစ်ခန့်အချိန် နွားထိုးကြီးမြို့နယ်၊ ကွမ်းအုံရွာ ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှုမရှိသော်လည်း ကွမ်းအုံရွာ ဘုန်းကြီးကျောင်းရှိ အဆောက်အဦးများ ပျက်စီးခဲ့ကြောင်း သိရှိရသည်။

“ကွမ်းအုံရွာ ဘုန်းကြီး ကျောင်းကို ဂျက်ဖိုက်တာနဲ့ ဗုံးကျဲ တိုက်ခိုက်သွားတာပါ။ မနေ့က ညနေ ၄ နာရီ ၁၅ မိနစ် ဝန်းကျင်မှာ ပြုလုပ်သွားတာ လူအထိအခိုက် မရှိပါဘူး။ စက်လက်နက်နဲ့ရော ပစ်ခတ်ခဲ့တာပါ။ ဘုန်းကြီးကျောင်း အဆောက်အဦးတွေတော့ ထိခိုက်ပျက်စီးတယ်” ဟု နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ထို့ပြင် မကွေးတိုင်း ပေါက်မြို့နယ်၊ နယ်သတ် ကျေးရွာကို အကြမ်းဖက် စစ်တပ်က Jet Fighter ဖြင့် လေကြောင်းတိုက်ခိုက် တိုက်ခိုက်ခဲ့ခြင်းကြောင့် ပြည်သူ ၂ ဦးထိခိုက် ဒဏ်ရာရရှိကာ နေအိမ်တစ်လုံးပျက်စီးသွားကြောင်း အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း -မြိုင် မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၂၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်ခန့်တွင် ပေါက်မြို့နယ်၊ နယ်သတ် ကျေးရွာကို အကြမ်းဖက် စစ်တပ်က Jet Fighter ၂ စီးဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပြည်သူပိုင် နေအိမ်များကို မီးလာင်ဗုံးများ ကျဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အတွင်း ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် ၁ လုံး မီးလောင်ပြာကျခဲ့ကြောင်း သိရှိရသည်။

“တိုက်ပွဲမရှိဘူးဗျ ။ အကြောင်းမဲ့လာချသွားတာပါ။ ပြည်သူတွေ ခုဆိုရင် ကြောက်နေကြတော့ စစ်ရှောင်နေကြရတယ်။ တချို့ဆိုရင် ညရောက်မှာ ကြောက်နေကြတာ ည အိပ်မောကျချိန်ဆိုရင် လေကြောင်းကနေပြီး လာရောက်ဗုံးချတတ်တော့ ညဆိုရင် ရှောင်အိပ်ကြတဲ့သူတွေလည်း ရှိတယ်။ လေကြောင်းက ဘုန်းကြီးကျောင်းတွေပဲ ရွေးပစ်နေတာဆိုတော့ ဘုန်းကြီးတွေတောင် ကျောင်းမှာ မနေတော့ပဲ ရှောင်ကြတာရှိတယ်” ဟု အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း -မြိုင် မှ တာဝန်ရှိသူက ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်က ဗုံးကျဲ တိုက်ခိုက်ခဲ့သော နယ်သတ်ရွာသည် မြိုင်မြို့နယ်နှင့် ပေါင်မြို့နယ် အစပ်ကြားတွင် တည်ရှိသည့် ကျေးရွာတစ်ရွာဖြစ်ပြီး တိုက်ပွဲဖြစ်ပွားခဲ့ဖူးခြင်းလည်း မရှိသည့် ကျေးရွာဖြစ်ကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article