ဂန့်ဂေါတွင် ပြည်သူများကို စနိုက်ပါဖြင့် ပစ်ခတ် သတ်ဖြတ်ခဲ့သော စစ်ကောင်စီ တပ်သား ကြည်ဝင်း ဆိုင်ကယ် တိုက်ခံရပြီး ပွဲချင်းပြီး သေဆုံး
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်တွင် ပြည်သူများကို စနိုက်ပါဖြင့် ပစ်ခတ် သတ်ဖြတ်ခဲ့သော အကြမ်းဖက် စစ်ကောင်စီ တပ်သား ကြည်ဝင်း ဆိုင်ကယ် တိုက်ခံရပြီး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း ယောအလင်းတန်းမှ ကိုဘကောင်း က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ မတ်လ ၂၅ ရက်နေ့တွင် ဂန့်ဂေါမြို့ပေါ်၌ စစ်ကောင်စီ တပ်သား ကြည်ဝင်းသည် ဆိုင်ကယ်ဖြင့် သွားလာနေစဉ် ပျူစောထီးအဖွဲ့ ဝင်တစ်ဦး၏ သားဖြစ်သူ မောင်းလာသော ဆိုင်ကယ်ကာ ဝင်တိုက်ခိုက်ခဲ့ရာ ကြည်ဝင်း နေရာတင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ လက်ရှိချိန်တွင် ပျူစောထီးအဖွဲ့ဝင်၏ သားဖြစ်သူကို ဂန့် ဂေါမြို့မရဲစခန်း၌ ယာဉ်တိုက်မှုဖြင့် ဖမ်းဆီးထားကြောင်း သိရသည်။
“ဂန့်ဂေါမြို့ပေါ်မှာပဲ တိုက်ခံရတာပါ။ ပျူစောထီးသားကိုတော့ ရဲစခန်းမှာ ဖမ်းထားတယ်။ ကြည်ဝင်း ဆိုတဲ့ စနိုက်ပါတပ်သားက ပြည်သူတွေကို စနိုက်ပါနဲ့ ပစ်ခတ်သတ်ဖြတ်နေတာ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ဖြစ်စဉ်က အတိအကျ သိရတဲ့သတင်းပေါ့။ အဲဒီနေ့က ဆိုင်ကယ်နဲ့ ၂ ယောက်စီးလာတာ တစ်ယောက်က ကျည်ထိပြီး ပွဲချင်းပြီးသေတာ” ဟု ယောအလင်းတန်းမှ ကိုဘကောင်းက ပြောဆိုသည်။
သေဆုံးသွားသော စနိုက်ပါတပ်သား ကြည်ဝင်းသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ညနေပိုင်းက ခလရ ၅၀ တပ်ရင်း အနီး ဂန့်ဂေါမြို့နှင့် စိုင်ဒူးရွာ ဘက်ခြမ်းကို ဆက်သွယ်ထားသော တံတားပေါ်၌ ဆိုင်ကယ်ဖြင့် သွားလာနေသော ဂန့်ဂေါမြို့နယ် လာပို့ရွာသား ၁ ဦးကို စနိုက်ပါဖြင့် ပစ်ခတ် သတ်ဖြတ်ခဲ့သူဖြစ်ကြောင်း သိရသည်။
