36 C
Yangon

မန္တလေးမြို့တွင် ဦးလှသိန်းဗိမာန်အတွင်း ပိတ်မိနေသော သံဃာအပါး ၁၀၀ ကျော်ကို ရှာဖွေကယ်ဆယ်ရေးများ ဆက်လက်လုပ်ဆောင်

Must read

ရန်ကုန်၊ မတ် ၂၈

အင်အား ၇ ဒသမ ၇ အဆင့်ရှိ အင်အားပြင်း ငလျင်လှုပ်ခတ်ခဲ့သော မန္တလေးတွင် အဆောက်အအုံများစွာ ပြိုကျပျက်စီးခဲ့သည့်အနက် ဦးလှသိန်းဗိမာန်အတွင်း ပိတ်မိနေသော သံဃာအပါး ( ၁၀၀ ) ကျော်ကို ရှာဖွေကယ်ဆယ်ရေးများ ဆက်လက်လုပ်ဆောင်နေကြောင်း မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့- မန္တလေးတိုင်းဒေသကြီးကော်မတီက ထုတ်ပြန်သည်။

မန္တလေး-ဦးလှသိန်းဗိမာန်အတွင်း စာဖြေသံဃာတော် ၂၇၀ ကျော် စာဖြေနေစဥ် ငလျင်လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု မြို့ခံများထံမှ သိရသည်။

အဆိုပါဗိမာန်တွင် စာဖြေသံဃာတော်များစာဖြေနေစဥ် အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် ဗိမာန်ပြိုကျကာ စာဖြေသံဃာတော် ရာနှင့်ချီ ပိတ်မိခဲ့သဖြင့် လက်ရှိတွင် ကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်နေဆဲဖြစ်ကြောင်း ကယ်ဆယ်ပေးနေသူများက ပြောကြားသည်။

လက်ရှိတွင် ယင်းနေရာမှ ကယ်ဆယ်နိုင်ခဲ့သည့်လူဦးရေကို မသိရသေးဘဲ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်သည်ဟု ၎င်းတို့က ဆိုသည်။

ယခု၂၀၂၅ ခုနှစ်တွင် သံဃာတော်များ စာဖြေနိုင်ရန်အတွက် (ဎ-ခ-)မဟာအောင်မြေမြို့နယ်စာဖြေဌာနကို ယခင်နှစ်က ကျင်းနေကျ အမှတ်(၁၃) အခြေခံပညာအထက်တန်းကျောင်းတွင် မကျင်းပတော့ဘဲ ပရိယတ္တိသာသနဟိတအသင်း(ဦးလှသိန်း)ဗိမာန်တွင် ပြောင်းလဲကျင်းပနေခြင်းဖြစ်ကြောင်း ဓမ္မာစရိယနှင့် ပထမပြန်စာမေးပွဲ ကျင်းပရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲအရ သိရသည်။

စာမေးပွဲပြောင်းလဲကျင်းပခဲ့သည့် အဆိုပါဗိမာန်မှာ ငလျင်ဒဏ်ကြောင့် ပြိုကျခဲ့သည့်အတွက် ယင်းနေရာတွင် သံဃာတော်အပါး ၁၀၀ ကျော် ပြိုကျပျက်စီးသော အဆောက်အအုံအောက်တွင် ပိတ်မိနေပြီး ရှာဖွေကယ်ဆယ်နေခြင်းဖြစ်သည်။

ပုံစာ- ဦးလှသိန်းဗိမာန်အတွင်း ပိတ်မိနေသော သံဃာများကို ရှာဖွေကယ်ဆယ်နေမှုများ၊ ပြိုကျသော ပုံများ

ပုံ- မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့- မန္တလေးတိုင်းဒေသကြီးကော်မတီ နှင့် လူမှုကွန်ယက်

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article