29 C
Yangon

နိုင်ငံတစ်ဝန်း သောကြာနေ့ ဝတ်ပြုချိန် အင်အားပြင်ငလျင်ကြောင့် နိုင်ငံတစ်ဝန်းရှိ အစ္စလမ်ဗလီ ၅၀ ထက်မနည်းပြိုကျပြီး သေဆုံးသူ ၃၀၀ နီးပါးရှိနေ

Must read

နိုင်ငံတစ်ဝန်း သောကြာနေ့ ဝတ်ပြုချိန် အင်အားပြင်ငလျင်ကြောင့် နိုင်ငံတစ်ဝန်းရှိ အစ္စလမ်ဗလီ ၅၀ ထက်မနည်းပြိုကျပြီး သေဆုံးသူ ၃၀၀ နီးပါးရှိနေ

ရန်ကုန်၊ မတ် ၂၉

မြန်မာနိုင်ငံတစ်ဝန်း သောကြာနေ့ ဝတ်ပြုချိန် အင်အားပြင်ငလျင်လှုပ်ခတ်မှုကြောင့် နိုင်ငံတစ်ဝန်းရှိ အစ္စလမ်ဗလီ ၅၀ ထက်မနည်းပြိုကျပြီး သေဆုံးသူ ၃၀၀ နီးပါးရှိနေကြောင်း အစ္စလမ်အသိုင်းအ၀ိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ မွန်းလွဲ ၁၂ နာရီ ၅၂ မိနစ်အချိန် အင်အားပြင်းငလျင်လှုပ်ခတ်ချိန် စစ်ကိုင်း၊ မန္တလေး၊ ရမည်းသင်း အပါ အဝင် မြန်မာနိုင်ငံအလယ်ပိုင်းပတ်ဝန်းကျင်ရှိ ဗလီများတွင် အစ္စလမ်ဘာသာဝင်တို့ ဝတ်ပြုနေချိန်ဖြစ်ကြောင်း၊ လတ်တလော စာရင်းများအရ သေဆုံးသူ ၃၀၀ နီးပါးရှိနိုင်သည်ဟု ပျောက်ဆုံးစာရင်းများအပေါ် မူတည်၍ ခန့်မှန်းထားသော်လည်း ဗလီများအောက်တွင် အလောင်းများစွာ ရှိနေသည့်အတွက် အရေအတွက်မှာ ယခုထက် ပိုမိုများပြားနိုင်ကြောင်း မန္တလေးမှ အစ္စလမ်ဘာသာဝင်တစ်ဦးက ပြောဆိုသည်။

“မန္တလေး အမြောက်တန်းဗလီမှာလည်း ပိနေတာတွေ အရမ်းများတယ်။ နောက်တစ်ခုက ရွှေဘုန်းရှိန်ဗလီဆိုရင်လည်း ပိနေတာတွေ ရှိတယ်။ ကယ်ဆယ်ရေးမလုပ်နိုင်သေးဘူး” ဟု မန္တလေးမှ အစ္စလမ်ဘာသာဝင်တစ်ဦးက ပြောဆိုသည်။

ငလျင်ကြောင့် ပျက်စီးမှုများပြီး သေဆုံးမှုများပြားသော ဗလီများတွင် ကျောက်ဆည် ဆူးလေကုန်းဗလီ၊ တောင်ဆင်ကျုံးဗလီ၊ မန္တလေးအနောက်အပ်ချုပ်ဗလီ၊ ရွှေဘုန်းရှိန်ဗလီ၊ တောင်ငူ ကန်တော်ဗလီ၊ တံတားဦး မြစ်သာရပ် ဗလီ၊ စကြာမြောက် ဗလီ စကြာတောင် ဗလီ၊ ပျော်ဘွယ် မြို့သစ်ဗလီ ၊လယ်ဝေး ဗလီ၊ ပလိပ်မြို့မ ဗလီ၊ ချမ်းမြသာစည် ဂိုင်ရွာဗလီ၊ ရမည်းသင်းမြို့ ဗလီ ၊ ပျဉ်းမနားဗလီ၊ ပလိပ်မြို့မ ဗလီ၊ စစ်ကိုင်း ဗလီ ၊ ဇီးပင်ပေါက် ဗလီ၊ ရွှေဘို ဆင်ရုံဗလီ၊ ကံသာကုန်းဗလီ၊ အမြောက်တန်း ဗလီ၊ သာစည် ဗလီ၊ မိတ္ထီလာမြို့ ဗလီ၊ မန္တလေး -သူဌေးတန်းဗလီ၊ တိုက်တန်းဗလီ၊ မြောက်အိုးဘို ဗလီ၊ ကြယ်တိုက်ဝင်းဗလီ၊ မင်္ဂလာဗလီများ ပြိုကျပျက်စီးခဲ့ကြောင်း သိရှိရသည်။

“ကယ်ဆယ်ရေးလည်းရှာလို့မရဘူး။ ရှာဖွေရေးကိုလည်း ဆက်သွယ်လို့မရဘူး။ ကယ်ဆယ်ရေးဖုန်း တွေကိုလည်း ဆက်သွယ်တာ တစ်လုံးမှ ဆက်သွယ်လို့မရဘူး။ မနေ့က နေ့လည် ၁ နာရီ မထိုးခင် ကတည်းက ပြိုကျသွားတာပေါ့၊ ဖြစ်သွားချိန်ကတည်းက အခုလက်ရှိအချိန်အထိ ကျနော်တို့မိသားစု ဝင်တွေနဲ့ ပတ် ဝန်းကျင်ကလူတွေနဲ့ ရှာဖွေနေတာ၊ အုတ်တွေက အရမ်းကြီးတဲ့အတွက်ကြောင့် အောက်က အလောင်းတွေကို ဘယ်လိုမှ ဖော်လို့မရဘူး။ အဓိက က ကရိန်းတို့ဘာတို့နဲ့ လုပ်မှ ရမှာ။ ကရိန်းကလည်း ဘယ်လိုမှ ဆက်သွယ်ပြီး ငှားလို့မရဘူးဖြစ်နေတယ်” ဟု မန္တလေးဒေသပြည်သူတစ်ဦးက အခြေအနေကို ရှင်းလင်း ပြောဆိုသည်။

မန္တလေး ရွှေဘုန်းရှိ ဗလီပြိုကျမှုအတွင်း မိသားစုဝင်များ ပါသွားသူ ဒေသပြည်သူတစ်ဦးကလည်း “အထဲမှာ ပိတ်မိနေတာက ဗလီဝင်းဆိုတော့ ကျနော့်မိသားစုဝင်လေးယောက်ပိတ်မိနေတယ်။ နောက်ထပ်ဗလီလာတဲ့သူတွေ ပိတ်မိလား၊ မပိတ်မိလား သေချာမသိရဘူး။ ဘာလို့လည်း ဆိုတော့ အချိန်က စက္ကန့်ပိုင်းလေးပဲ ကြာလိုက်ပြီးတော့ ဖြစ်သွားတဲ့အရာဆိုတော့ ဘယ်လိုမှကို ခန့်မှန်းလို့ မရဘူးဖြစ်သွားတာ။ ကျနော်တို့က ဗလီဝင်းထဲမှာပဲနေတာဆိုတော့ အိမ်ပြိုတဲ့နေရာမှာ ကျနော်တို့ မိသားစုဝင် ၆ ဦးရယ်၊ ကျနော်ရယ်အိမ်ထဲမှာ ရှိနေတာပေါ့၊ အိမ်ပြိုတဲ့အချိန်မှာ ကျနော်ကတော့ ခါးပိုင်းလေးပဲ မို့လို့ ကျနော်က လွတ်သွားတာ။ ကျနော့်အဒေါ်တစ်ယောက်တော့ ခြေထောက်ထိ သွေးတွေထွက်နေတာ၊ ဆေးရုံမှာလည်း ဘာမှ မလုပ်ပေးနိုင်ဘူး။ ဒါလည်းကျနော်တို့နားလည် ပါတယ်။ လူနာတွေအရမ်းများတဲ့အတွက်ကြောင့်မို့လို့ ၊ ခြေထောက်ထိသွားတာ အကိုက် အခဲပျောက် ဆေးနဲ့ ပိုးသတ်ဆေးလောက်ပဲ သူတို့ထိုးပေးနိုင်တယ်။ ကျန်တာဘာမှမလုပ်ပေးနိုင်ဘူး။ ခြေထောက် ကကြေနေပြီ။ သွေးလည်းမတိတ်ဘူးအခုချိန်အထိ ၊ နောက်ထပ် ကျနော့်အဒေါ်တစ်ယောက်ကိုလည်း ရှာတွေ့တယ်။ သူကတော့ အသက် မပါတော့ဘူး။ နောက်ထပ် ကျနော့်အဖွားရယ်၊ ကျနော့် ဦးလေး ၂ ယောက်ရယ်၊ အဒေါ်တစ်ယောက်ရယ်၊ အထဲမှာ ။ ဒါပေမယ့် အသက်ရှင်ဖို့က ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဘာလို့လည်းဆိုတော့ ဒီထိပ်ကလေးမှာ ရှာတွေတဲ့ သူတွေတောင် ၂ ယောက်မှာ တစ်ယောက်က အသက်ပါမလာဘူး။ တစ်ယောက်ကတည်း မျော့မျော့လေးပဲ ကျန်တာဖြစ်တဲ့အတွက်” ဟု ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့တွင် ဗလီအပျက်အစီးများအကြားမှ ထုတ်ယူရရှိသော အလောင်းများကို အစ္စလမ်ဘာသာ ဓလေ့ထုံးတမ်းများနှင့်အညီ သဂြိုလ်မည်ဖြစ်ကြောင်း သိရှိရသည်။

ဓတာ်ပုံ- ရမည်းသင်းမှ ဗလီပြိုကျမှုတွင် သေဆုံးခဲ့ကြသည့် အစ္စလမ်ဘာသာဝင်များ၏ ရုပ်အလောင်းများ။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article