ပျော်ဘွယ်မြို့တွင် ငလျင်ဒဏ်ကြောင့် အပျက်အစီးများကြား ပိတ်မိနေသူများကို ဆက်လက် ကယ်ထုတ်နေပြီး သေဆုံးထိခိုက်သူ အရေအတွက် ပိုများလာဟု မြို့ခံများပြောဆို
မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့တွင် ငလျင်ဒဏ်ကြောင့် အပျက်အစီးများကြား ပိတ်မိနေသူများကို ဆက်လက် ကယ်ထုတ်နေပြီး သေဆုံး ထိခိုက်သူ အရေအတွက် ပိုများလာကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သော အင်အားပြင်း ငလျင်ကြောင့် ပျော်ဘွယ်မြို့တွင်လည်း အဆောက်အဦး အများအပြား ပြိုကျခဲ့ပြီး လက်ရှိချိန်ထိ အပျက်အစီးများကြား ပိတ်မိနေသူများကို ဆက်လက် ကယ်ထုတ်လျက်ပြီး သေဆုံးသူ အရေအတွက် ပိုမိုများပြားလာကြောင်း သိရသည်။
“ထိခိုက်ပျက်စီးတာကော သေဆုံးတာကော များပါတယ်။ လူအများကြီးသေတယ်လို့ ကြားသိရပါတယ်။ KBZ ထဲမှာ လည်း ပိတ်မိနေတာတွေလည်း အခုချိန်ထိ ကယ်ထုတ်နေရတယ်လို့ သိရတယ်။ မနေ့ကတော့ KBZ ထဲမှာတင် ၄၅ ဦးလောက် သေဆုံးတယ်လို့ ကြားသိရတယ်။ အခြား လမ်းတွေ ဗလီတွေလည်း ပိတော့ ပျမ်းမျှ လူ ၁၀၀ မက လောက်ဘူး ထင်တယ်။ လမ်းတွေကလည်း အပျက်အစီးတွေနဲ့ပိတ်နေတော့ မြေပြင် အခြေအနေ အသေးစိတ်ကို အတည်မပြုနိုင်သေးတာပါ” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။


