အင်းလေးဒေသရှိ ကေလာရွာနှင့် ဇရပ်ကြီးရွာတွင် ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၄၆ ဦးထိရှိပြီး နေအိမ် ၉၅၀ လုံး ပျက်စီး
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသရှိ ကေလာရွာနှင့် ဇရပ်ကြီးရွာတွင် ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၄၆ ဦးထိရှိပြီး နေအိမ် ၉၅၀ လုံး ပျက်စီးခဲ့ကြောင်း အင်းလေးဒေသ လူ့အခွင့်အရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သော အင်အားပြင်း မြေငလျင်ကြောင့် အင်းလေးဒေသတွင်လည်း ထိခိုက်ပျက်စီးမှု များပြားခဲ့ပြီး လက်ရှိချိန်ထိ ကျေးရွာ ၂ ရွာ၏ ထိခိုက်သေဆုံးမှု စာရင်းကိုသာ အတည်ပြုနိုင်သေးကြောင်း သိရသည်။
လက်ရှိရရှိထားသော စာရင်းများအရ ကေလာကျေးရွာမှ ၄၁ ဦး သေဆုံးပြီး နေအိမ် ၈၁၈ လုံးပျက်စီးခဲ့ကြောင်း၊ ထို့ပြင် ဇရပ်ကြီးရွာမှ လူ ၅ ဦးသေဆုံးပြီး နေအိမ် ၁၃၂ လုံး၊ ဘုန်းကြီးကျောင်း ၁ ကျောင်းနှင့် စာသင်ကျောင်း ၁ ကျောင်း ပျက်စီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“လက်ရှိစာရင်းအရတော့ ကေလာရွာနဲ့ ဇရပ်ကြီးရွာက သေဆုံးသူ ၄၆ ဦးထိရှိပြီး နေအိမ် ၉၅၀ လုံးလည်း ပျက်စီးသွားတယ်။ ထိခိုက်သေဆုံးသူ အရေအတွက်က ထပ်ရှိနိုင်ပါတယ်” ဟု အင်းလေးဒေသ လူ့အခွင့်အရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။


