မင်းကွန်းမြို့တွင် ငလျင်ဒဏ်ကြောင့် ထိခိုက်သေဆုံးသူများထဲတွင် စစ်ကောင်စီ တပ်သားများလည်းပါဝင်ပြီး ကယ်ဆယ်ရေးများ ဆက်လက် လုပ်ဆောင်နေဆဲဟု ဒေသခံများ ပြောဆို
စစ်ကိုင်းတိုင်း၊ မင်းကွန်းမြို့တွင် ငလျင်ဒဏ်ကြောင့် ထိခိုက်သေဆုံးသူများထဲတွင် စစ်ကောင်စီ တပ်သားများလည်းပါဝင်ပြီး ကယ်ဆယ်ရေးများ ဆက်လက် လုပ်ဆောင်နေဆဲဖြစ်ကြောင်း ဒေသ ပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သော မြေငလျင်ကြောင့် မင်းကွန်းမြို့တွင် ထိခိုက်ပျက်စီးမှု များပြားခဲ့ပြီး လက်ရှိချိန်ထိ ကယ်ဆယ်ရေး ဆက်လက် လုပ်ဆောင်နေကာ ဖုန်းလိုင်းများလည်း ပြတ်တောက်နေကြောင်း သိရသည်။
ငလျင်ကြောင့် သေဆုံးသူများထဲတွင် မင်းကွန်းမြသိန်းတန် စေတီအနီး တပ်စွဲထားသော စစ်ကောင်စီ တပ်သားများလည်း ပါဝင်ပြီး မြို့ထဲတွင်လည်း ပြည်သူများ ထိခိုက်သေဆုံးမှုရှိကာ အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။
“မင်းကွန်းမြသိန်းတန်စေတီနားမှာ တပ်စွဲထားတဲ့ စစ်တပ် ဘန်ကာ ပြိုကျပြီး ၂၀ ဦး လောက်သေတယ်လို့တော့ သိရတယ်။ မြို့ထဲမှာလည်း ထိခိုက်ပျက်စီးမှုများလည်း မြသိန်းတန်စေတီ၊ ငါးထပ်ဆောင်နဲ့ လွမ်းစေတီ လည်း ငလျင်ဒဏ်ကြောင့် ပျက်စီးသွားတယ်။ ဖုန်းလိုင်းတွေ ပြတ်နေတဲ့ အတွက် မြေပြင်အခြေအနေက အတည်ပြုဖို့ခက်နေပါတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။


