မန္တလေး Sky Villa ပြိုကျမှုမှ ပိတ်မိသူများကိုကယ်တင်နိုင်ရန် တရုတ်ကယ်ဆယ်ရေးတပ်ဖွဲ့များပါ စတင်ပူးပေါင်းပါဝင်
မြေကြီးအောက်သို့ နစ်ဝင်သွားသည့် မန္တလေး Sky Villa ကွန်ဒို ပြိုကျမှုမှ ပိတ်မိနေသူများကို မတ်လ ၃၀ ရက်နေ့ မနက် ၇ နာရီမှ စတင်ကာ မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်(၅၀)ဦးနှင့်အတူ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ကြေညာသည်။
လက်ရှိတွင် Sky Villa အဆောက်အဦ ပြိုကျပျက်စီးသည့်နေရာတွင် ပိတ်မိနေသူများကို ရှာဖွေကယ်ဆယ်ရေး တရုတ်နိုင်ငံမှ ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များပါ ဝင်ရောက်ဆောင်ရွက်ပေးနေပြီဖြစ်သည်။
မန္တလေးမြို့ အောင်မြေသာစံ လမ်း ၆၀ရှိ Sky Villa Condo ပြိုကျမှုတွင် ပိတ်မိနေသူများကို လက်ရှိအချိန်အထိ ရှာဖွေကယ်ဆယ်နေရာ အသက်ရှင်ရက်ထွက်လာသူများလည်း ရှိနေပြီဖြစ်သည်။ Sky Villa Condo ၁၁ ထပ်ရှိပြီး ငလျင်ကြောင့် ငါးထပ်ဝန်းကျင် မြေကြီးအတွင်း နစ်ဝင်သွားခဲ့ကြောင်း သိရသည်။
ယင်းကွန်ဒိုတွင် ပိတ်မိနေသူများ၏ ဆွေမျိုးများကလည်း ကယ်ဆယ်ရေး ကူညီဆောင်ရွက်ပေးကြပါရန် လူမှုကွန်ရက်တွင် အကူအညီတောင်းခံနေကြပြီး ကွန်ဒိုအတွင်းထဲ ပိတ်မိနေသူများကလည်း ကယ်တင်ပေးပါရန် ပြန်လည် ပြောဆိုသံများကိုလည်း ကြားနေရသည်ဟု ပိတ်မိသူများ၏ မိသားစုဝင်များက ပြောကြားသည်။
Sky Villa condo ထဲတွင် ငလျင်ဖြစ်ပြီး နာရီ၃၀ကျော်ကြာ ပိတ်မိနေသည့်မဖြူလေးခိုင်ကို ကယ်ဆယ်ရေးအဖွဲ့များ မနေ့က ကယ်ထုတ်နိုင်ခဲ့ပြီး စောင့်ဆိုင်းနေသည့် အမျိုးသားဖြစ်သူ ကိုရဲအောင်နှင့်အတူ ဆေးရုံသို့ဆက်လက်ပို့ဆောင်ပေးခဲ့ကြောင်းလည်း သိရသည်။
