မန္တလေး၊ ဦးလှသိန်းဗိမာန်ပြိုကျမှုအတွင်း ပိတ်မိနေသော သံဃာတော်များကို ဆက်လက်ရှာဖွေနေပြီး ပျံလွန်တော်မူသည့် သံဃာအရေအတွက် ဆက်လက်မြင့်တက်နိုင်
မန္တလေး၊ မဟာအောင်မြေမြို့နယ်၊ ဦးလှသိန်းဗိမာန်ပြိုကျမှုအတွင်း ပိတ်မိနေသော သံဃာတော်များကို ဆက်လက်ရှာဖွေနေပြီး ပျံလွန်တော်မူသည့် သံဃာအရေအတွက် ဆက်လက်မြင့်တက်နိုင်ကြောင်း အဆိုပါ ကျောင်း၏ ကယ်ဆယ်ရေးကို အဆက်မပြတ်သတင်းများ တင်ပြနေသည့် ဆရာတော်၊ သံဃာတော်များက လူမှုကွန်ရက်မှတစ်ဆင့် သတင်းထုတ်ပြန်ထားသည်။
မတ်လ ၂၈ ရက်နေ့မွန်းလွဲပိုင်း ငလျင်လှုပ်ချိန်တွင် အဆိုပါ ဦးလှသိန်း ဗိမာန်တိုးချဲ့ဆောင်တွင် စာမေးပွဲ ကျင်းပနေချိန်ဖြစ်ပြီး သံဃာတော် ရာချီ၍ စာမေးပွဲ ဖြေဆိုနေကြချိန် ဗိမာန်အဆောင်ကြီး ပြိုကျခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းသို့ ပြိုကျမှုကြောင့် ယမန်နေ့အထိ ပျံလွန်တော်မူသည့် အရေအတွက် ၈၀ ကျော်ရှိခဲ့ပြီး ယခုအခါ အရေအတွက် ၉၀ ဝန်းကျင်အထိရှိလာကြောင်း သက်ဆိုင်ရာ သံဃာတော်များက သတင်းထုတ်ပြန်ထားသည်။
မန္တလေးတွင် ငလျင်လှုပ်ခတ်ပြီး ၄၈ နာရီပြည့်ရန် နီးကပ်လာချိန်တွင် ကယ်ဆယ်ရေးလုပ်ငန်းများအတွက် စက်ယန္တရားကြီးများ၊ အပျက်အစီးများကို ထိုးဖောက်နိုင်သော လွန်ကိရိယာ များအပါအဝင် ကယ်ဆယ်ရေး ကိရိယာများစွာ လိုအပ်နေပြီး အပျက်အစီးပုံအောက်တွင် ပိတ်မိနေသော ပြည်သူများအတွက် အရေးပေါ် ကယ်ဆယ်ရေးများ လုပ်ရန် လိုအပ်နေကြောင်း ကယ်ဆယ်ရေးသမားတချို့က လူမှုကွန်ရက်မှတစ်ဆင့် သတင်းထုတ်ပြန် အကူအညီတောင်းနေကြသည်။


