Breaking News- မန္တလေးမြို့ အနီးသို့ ဗဟိုပြု၍ ပြင်းအား ၅ ဒသမ ၁ အဆင့်ရှိ ငလျင်လှုပ်ခတ်၊ မန္တလေး၊ စစ်ကိုင်း၊ မုံရွာအပါအဝင် မြို့နယ်များတွင် ခံစားသိရှိရ
မန္တလေးမြို့ အနီးသို့ ဗဟိုပြု၍ ယနေ့ မွန်းလွဲ ၁ နာရီ ၃၈ မိနစ်အချိန် ပြင်းအား ၅ ဒသမ ၁ အဆင့်ရှိ ငလျင်လှုပ်ခတ်သွားကြောင်း အမေရိကန်အခြေစိုက် ဘူမိ ဗေဒ-ငလျင်စောင့်ကြည့်ရေးအဖွဲ့ (USGS-United States Geological Survey) က သတင်းထုတ်ပြန်သည်။
အဆိုပါ ငလျင်ကြောင့် မန္တလေး၊ မုံရွာနှင့်စစ်ကိုင်း အပါအဝင် ပတ်ဝန်းကျင်မြို့နယ်များတွင် ယနေ့ မွန်းလွဲ ၁ နာရီ ၃၈ မိနစ်ဝန်းကျင်အချိန် ပြည်သူအများစု ခံစားသိရှိရကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။
မတ် ၂၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၅၂ မိနစ်အချိန် ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ ငလျင်ကြီး လှုပ်ခတ်ပြီးနောက် နောက်ဆက်တွဲ ငလျင်များစွာ ထပ်မံ လှုပ်ခတ်နေခြင်းဖြစ်ရာ ယနေ့ မွန်းလွဲ ၁ နာရီ ၃၈ မိနစ်အချိန် လှုပ်ခတ်သော ငလျင်မှာ အလွန်သိသာကြောင်း သိရှိရသည်။
“အခု လှုပ်သွားတာ ဆွဲခါသလိုပဲ သိမ့်ကနဲပဲ။ ဟိုတစ်နေ့ (မတ်လ ၂၈ ရက်နေ့) ကလောက် မပြင်းပေမယ့် အတော်သိသာတယ်” ဟု မန္တလေးဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
အမျိုးသားညီညွတ်ရေးအစိုးရ-NUG ၏ သတင်းထုတ်ပြန်ချက်တွင်မူ ယနေ့
၂၀၂၅ခုနှစ်၊ မတ်လ ၃၀ရက်နေ့၊ မြန်မာစံတော်ချိန် မွန်းလွဲ ၁ နာရီ ၃၂ မိနစ်အချိန်တွင် မြန်မာပြည်တွင်း၊ မန္တလေးမြို့၏ အနောက်မြောက်ဘက် ၂၈ ကီလို မီတာခန့်အကွာ၊ မြေအောက်အနက် ၁၀ ကီလိုမီတာကိုဗဟိုပြု၍ အင်အားရစ်ချ်တာစကေး ၅ ဒသမ ၁ အဆင့်ဖြင့် အတော်အသင့်အင်အားရှိသည့် မြေငလျှင်တစ်ခုထပ်မံလှုပ်ခတ်ခဲ့ကြောင်း၊ စစ်ကိုင်းငလျင်ကြီး၏နောက်ဆက်တွဲငလျင်ငယ်များဆက်လက်လှုပ်ခတ်နိုင်သည့်အတွက် ငလျင်ဘေးဆောင်ရန်၊ရှောင်ရန်၊ သတိပြုရန်များနှင့်အညီ နေထိုင်ကြပါရန် သတိပေးထားသည်။
ဓာတ်ပုံ- မတ်လ ၂၈ ရက်နေ့ မွန်းလွဲပိုင်းငလျင်ကြောင့် ပြိုကျနေသော စစ်ကိုင်းတံတားအဟောင်းမြင်ကွင်း။
