စစ်ကိုင်းမြို့သို့ လာသည့် ကယ်ဆယ်ရေး ယာဉ်တန်းကို PDF က မိုင်းဆွဲဆိုသည့် မဟုတ်မမှန် သတင်းအမှားများကို စစ်လော်ဘီများက ဖြန့်ချိ ဝါဒဖြန့်နေဟု မြင်းမူ PDF ပြောဆို၊ စစ်လော်ဘီများက သတင်းအမှားများကို တောက်လျှောက် ဖြန့်ချိနေ
ရန်ကုန်၊ မတ် ၃၀
စစ်ကိုင်းမြို့သို့ လာသည့် ငလျင်ကယ်ဆယ်ရေး ယာဉ်တန်းကို မြင်းမူမြို့နယ်တွင် PDF က မိုင်းဆွဲဆိုသည့် မဟုတ်မမှန် သတင်းအမှားများကို စစ်လော်ဘီများက ဖြန့်ချိ ဝါဒဖြန့်နေကြောင်း မြင်းမူ PDF တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယခင် ၂၀၂၂၂ ခုနှစ်ကာလ စစ်ကောင်စီတပ်များကို တိုက်ခိုက်ခဲ့သည့် စစ်ဆင်ရေးမစ်ရှင်မှ ရုပ်သံ၊ ဓာတ်ပုံများကို ယူသုံးပြီး စစ်လော်ဘီများနှင့် စစ်တပ်လိုလားသော တယ်လီဂရမ်ချန်နယ်များက ရည်ရွယ်ချက်ရှိရှိ သတင်းအမှားများ ဖြန့်ချိလာနေကြောင်း ၎င်းကဆိုသည်။
ထိုသို့ အများပြည်သူ ဒုက္ခရောက်နေချိန်တွင် အကြမ်းဖက် စစ်တပ်၏ လော်ဘီများသည် ပြည်သူများကို သတင်းမှားများဖြန့်ဝေ၍ တော်ရေးတပ်ဖွဲ့ဝင်များ အပုတ်ချနေခြင်းဖြစ်ကြောင်း မြင်းမူ PDF မှ တာဝန်ရှိသူ တစ်ဦးက တုံ့ပြန်ပြောဆိုသည်။
“ကျနော်တို့ မိုင်းဆွဲ တိုက်ခိုက်တာလည်း လုံးဝမရှိပါဘူး။ ဖြစ်စဉ်လည်းမရှိဘူး။ ဒီလောက်ထိ ပြည်သူတွေ ခံစားနေရတဲ့အချိန်မှာတောင် စစ်ရေးပဲကြည့်ပြီး အပုတ်ချနေတာတော့ ခွေးကတော့ ခွေးစရိုက် အတိုင်းပါပဲ” ဟု မြင်းမူ PDF မှ တာဝန်ရှိသူ တစ်ဦး ပြောဆိုသည်။
ထို့ပြင် မုံရွာ မြို့ ဗောဓိတထောင်တွင် ငလျင်ကြောင့် ပြိုပျက်နေသည့် အဆောက်အဦးများတွင် ပိတ်မိနေသူများကို ကယ်ဆယ်ရေးလုပ်နေသူများကို ဒရုန်းဖြင့် PDF ဗုံးကျဲသည်ဆိုသော သတင်းအမှားများကိုလည်း တယ်လီဂရမ်ချန်နယ်များမှတစ်ဆင့် စစ်လော်ဘီများက ဖြန့်ချိလျက်ရှိကြောင်း သိရှိရသည်။

