ရန်ကုန်၊ မတ် ၃၁
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်နှင့် ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်တို့တွင် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း တော်လှန်ရေးသတင်းရင်းမြစ်နှင့် ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်။
ယမန်နေ့ မတ်လ ၃၀ ရက်နေ့ ည ၇ နာရီ ၂၀ မိနစ်အချိန် အကြမ်းဖက် စစ်တပ်က ကျောက်ဖြူမြို့နယ်၊ ကုလဘာရွာကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် နေအိမ်နှင့် ဆိုင်ခန်း ပျက်စီးသွားကြောင်း ဒေသသတင်းရင်းမြစ် Arakan Princess Media က သတင်းဖော်ပြသည်။
အလားတူ ပဲခူးတိုင်း ပြည်ခရိုင် ပေါင်းတည်မြို့နယ် သစ်ပုတ်အုပ်စု လက်ပံခုန်ရွာအနီးသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ တပ်ရင်း စစ်ထောက်လှမ်းရေးနှင့်သတင်းပြန်ကြားတာဝန်ခံ ရဲဘော် Shadowက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၂၃ ရက်နေ့ ည ၁၁ နာရီ ၄၈ မိနစ်အချိန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ လေ့ကျင့်ရေးကွင်းနေရာကို တိုက်လေယာဉ် ၂ စီးဖြင့် တစ်ကြိမ်ဗုံးကျဲလျှင် ဗုံး ၅ လုံးစီဖြင့် ၅ ကြိမ် စုစုပေါင်း ဗုံး ၂၅ လုံး ကျဲချတိုက်ခိုက်ရာပြည်သူတစ်ဦးနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ရဲဘော်တစ်ဦး သေဆုံးခဲ့ကာ ပြည်သူနှင့် တော်လှန်ရေးရဲဘော် ၁၁၁ ဦး ဒဏ်ရာရရှိကြောင်း သိရှိရသည်။
အလားတူ မတ်လ ၂၄ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန် နှင့် ညနေ ၆ နာရီ ၄၀ မိနစ်အချိန်တို့တွင် တိုက် လေ ယာဉ်ဖြင့် ဗုံးကျဲခြင်း၊ စက်တပ်လေထီးများဖြင့် ပေါင်းတည်မြို့နယ်အတွင်း ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုများကြောင့် ပြည်သူနှင့် တော်လှန်ရေးရဲဘော်များထိခိုက်မှုမရှိကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

