ရန်ကုန်၊ မတ် ၃၁
မန္တလေး Sky Villa ကွန်ဒို တောင်ဘက်ခြမ်း ပြိုကျမှုမှ ပိတ်မိသူများကို ရှာဖွေခြင်း ရပ်နားလိုက်သော်လည်း အဆိုပါကွန်ဒို၏ မြောက်ဘက်ခြမ်းအတွင်း ပိတ်မိနေသူများကို ရှာဖွေကယ်ဆယ်နိုင်ရေး ဆက်လက်လုပ်ဆောင်နေကြောင်း မြေပြင်တွင် ကယ်ဆယ်ရေးလုပ်ဆောင်နေသူများက ပြောကြားသည်။
Sky Villa ကွန်ဒိုတွင် အပျက်အစီးများအောက် ပိတ်မိနေသူများအားလုံး အသက်ရှင်လျက် မရှိတော့သည့်အတွက် ကယ်ဆယ်ရေးများ ရပ်နားရပြီဟု တရုတ်ကယ်ဆယ်ရေးအဖွဲ့တွင်ပါ ဝင်လာသည့် အဖွဲ့ဝင်တစ်ဦးက ပြောကြားကြောင်း ပြည်တွင်းမီဒီယာများတွင် သတင်းဖော်ပြထားသည်။
ကွန်ဒို၏ တောင်ဘက်ခြမ်းရှာဖွေမှုကိုသာ ရပ်နားခြင်းဖြစ်ပြီး မြောက်ဘက်ခြမ်းရှာဖွေမှုကို ဆက်လက်လုပ်ဆောင်နေသည်ဟု ယင်းနေရာတွင် ကယ်ဆယ်ရေးလုပ်ဆောင်နေသူများက ပြောကြားသည်။
လက်ရှိတွင် မန္တလေးမြို့အတွင်း ပျက်စီးမှုများပြားလွန်းသဖြင့် ကျွမ်းကျင်ကယ်ဆယ်ရေး ဝန်ထမ်းများကို ဖြန့်ကြက်ကာ ကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်နေခြင်းဖြစ်ပြီး မန္တလေးတွင် ရုရှား၊ အိန္ဒိယ၊ တရုတ်အပါအဝင် နိုင်ငံတကာမှ ကယ်ဆယ်ရေးတပ်ဖွဲ့များလည်း ပါဝင်ကူညီလျက်ရှိသည်။
မန္တလေးတွင် ငလျင်ငယ်များလည်း နောက်ဆက်တွဲလှုပ်နေသေးသဖြင့် ကယ်ဆယ်ရေးလုပ်ဆောင်သူများမှာ အန္တရာယ်များစွာကြားမှ အရဲစွန့်ကာ ပြိုကျတိုက်များအောက်တွင် ပိတ်မိနေသူများကို ခက်ခက်ခဲခဲကယ်တင်နေရခြင်းဖြစ်သည်။
Sky Villa အဆောက်အအုံ ပြိုကျပျက်စီးသည့်နေရာတွင် မတ်လ ၃၁ ရက်နေ့တွင် မီးသတ်ဦးစီးဌာနက ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များနှင့်ပူးပေါင်း၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ အမျိုးသမီး ၂ဦးကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပြီး သေဆုံးသူ အမျိုးသမီး၂ ဦး၏ ရုပ်အလောင်းများကို ရှာဖွေတွေ့ရှိခဲ့ကြောင်း မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။
ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက်နေသည်ဟု မီးသတ်တပ်ဖွဲ့က ထုတ်ပြန်သည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar


