နတ်မောက်မြို့နယ် ရွာတော်ရွာမှ ထွက်လာသည့် စစ်ကား ၁ စီးကို လက်နက်ငယ်များဖြင့် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂ ဦး သေဆုံး
မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ရွာတော်ရွာမှ ထွက်လာသော စစ်ကား ၁ စီးကို လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၂ ဦးသေဆုံးခဲ့ကြောင်း People’s Defence Organization – Natmauk (နတ်မောက် ပကဖ) တာဝန်ခံ အဆိပ်သီးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၂၉ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် နတ်မောက်မြို့နယ်၊ ရွာတော်ကျေးရွာမှ ထွက်လာသော စစ်ကောင်စီ တပ်သား ၁၀ ဦး လိုက်ပါလာသည့် စစ်ကား ၁ စီးကို နတ်မောက် ပကဖ အဖွဲ့နှင့် မဟာမိတ် တပ်ပေါင်းစုတို့က နတ်မောက်- ပျော်ဘွယ် လမ်းပိုင်းတွင် လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံးပြီး ထိခိုက် ဒဏ်ရာရရှိသူများလည်းရှိကြောင်း၊ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရှိရသည်။
“စစ်ခွေးတွေက ပြန်လည် ပစ်ခတ်တာမျိုးရှိပါတယ်။ ပြည်သူတွေကို ဖမ်းဆီးတာမျိုးတော့ မရှိပါဘူး။ ပစ်ခတ်မှုဖြစ်တဲ့နားက တဲ ၁ လုံးကို ညနေပိုင်းမှာ စစ်ခွေးတွေက မီးလာရှို့သွားတယ်” ဟု People’s Defence Organization – Natmauk မှ နတ်မောက် ပကဖ တာဝန်ခံ အဆိပ်သီးက ပြောဆိုသည်။
